Home သတင်း ဒုက္ခသည်များ တရားဝင် အလုပ်ထွက်လုပ်ခွင့်ရ တစ်နှစ်အကြာ မိမိကိုယ်ကို စီမံခန့်ခွဲမှု အားကောင်းလာဟု TBC ဆို

ဒုက္ခသည်များ တရားဝင် အလုပ်ထွက်လုပ်ခွင့်ရ တစ်နှစ်အကြာ မိမိကိုယ်ကို စီမံခန့်ခွဲမှု အားကောင်းလာဟု TBC ဆို

16

အောက်တိုဘာ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း(၉)ခုတွင် နေထိုင်ကြသူများ စခန်းပြင်ပထွက်တရားဝင် အလုပ်ထွက်လုပ်ခွင့် ကူးပြောင်းကာလ တစ်နှစ်အတွင်း မိမိကိုယ်ကို စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာသည်ဟု ယနေ့ အောက်တိုဘာလ(၁)ရက်နေ့တွင် The Boder Consortium (TBC)နှင့် ကရင်၊ ကရင်နီဒုက္ခသည်ရေးရာကော်မတီတို့က ပူးတွဲထုတ်ပြန်သည်။

ကရင်ဒုက္ခသည်များကော်မတီ-KRC၊ ကရင်နီဒုက္ခသည်များကော်မတီ-KnRC နှင့် ပူးတွဲထုတ်ပြန်ချက်တွင် ဒုက္ခသည်ဦးဆောင်သည့် အုပ်ချုပ်မှုစနစ်ကို သိသာထင်ရှားစွာ တွေ့မြင်ခဲ့ရ၍ ဒုက္ခသည်များ၏ခေါင်းဆောင်မှုအပေါ် အသိမှတ်ပြုခြင်းနှင့် ရင်းနှီးမြုပ်နှံမှု ပိုမို ပြုလုပ်သင့်ကြောင်း TBC က ဖော်ပြသည်။

ထို့အပြင် ဒုက္ခသည်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် စခန်းကော်မတီဝင်များက လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများလည်းရှိခဲ့ပြီး ယင်းတစ်နှစ်ကြာကာလအတွင်း ဒုက္ခသည်ဦးရေ ၆,၈၀၀ ကျော် အလုပ်ထွက်လုပ်ခွင့်ရရှိ၍ နေ့စဉ်နှင့်အမျှ ဆက်လက်ထွက်ခွာအလုပ်လုပ်မှု ပိုမိုများပြားနေသည်။

၎င်းတို့ကို စခန်းကော်မတီဘက်မှ စောင့်ကြည့်ထောက်ပံ့ပေးမှုရှိသလို အကာအကွယ်ရရေးအတွက် စည်းမျဥ်းစည်းကမ်းများနှင့် စာချုပ်များကိုလည်း ဆွေးနွေးကြခြင်းရှိသည်။
ထိုအထဲမှ အထူးသဖြင့် ဒုက္ခသည်အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်း များမြင့်တင်ပေးလျက်ရှိသည်ဟု TBC က ပူးတွဲကြေငြာချက်တွင်ဆိုသည်။

“စခန်းပြင်ပအလုပ်ထွက်လုပ်ရတဲ့အချိန်မှာ တချို့က ပွဲစားနဲ့သွားတာရှိတယ်။ အဲဒီလိုသွားတဲ့လူတချို့က ပလိပ်ဖမ်းခံထိတာရှိတယ်။ ဒါပေမယ့် စခန်းစီမံခန့်ခွဲမှုနဲ့သွားရင်တော့ အဲဒီဟာတွေတော့ မစိုးရိမ်ရဘူး အာမခံချက်ရှိတော့အဆင်ပြေတယ်”ဟု ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်ထွက်လုပ်သည့် အုန်းဖြန်ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့တိုးတက်မှုများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘဏ္ဍာငွေ အကြီးအကျယ်လျော့နည်းလာသည့်အခြေအနေအောက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယခင်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်တစ်ချို့ကို စခန်းကော်မတီကိုယ်တိုင် ဦးဆောင်စီမံခန့်ခွဲမှု လုပ်လာရကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် အပြောင်းအလဲကာလတွင် အခက်အခဲများဆက်လက်ရှိနေဆဲဖြစ်၍ ဒုက္ခသည်များအားလုံး အလုပ်လုပ်ကိုင်ခွင့်မရရှိသေးသလို အသက်ကြီးသူများနှင့် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေဆဲဖြစ်ကြောင်း TBC နှင့် ကရင်၊ ကရင်နီဒုက္ခသည်ရေးရာအဖွဲ့များက ဖော်ပြသည်။

ထို့အပြင် ဒုက္ခသည်များကို စျေးပေါသော လုပ်သားအင်အားတစ်ရပ်အဖြစ် မြင်ကြသူများလည်း ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

အလုပ်ရှင်နှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများအနေဖြင့် ဒုက္ခသည်များတွင်ရှိနေသည့် စီမံခန့်ခွဲမှု၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားကဏ္ဍဆိုင်ရာစွမ်းရည်များကို အသိအမှတ်ပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သော်လည်း စိန်ခေါ်မှုဖြစ်နေသေးကြောင်း သိရသည်။

ထို့အပြင် စခန်းကော်မတီများ ရေရှည်စီမံခန့်ခွဲမှုလုပ်ဆောင်နိုင်ရန် စီမံအုပ်ချုပ်ရေးဆိုင်ရာ ဘဏ္ဍာငွေများ လိုအပ်နေကြောင်းလည်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့က ထိုင်းအစိုးရမှ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း(၉)ခုတွင်နေထိုင်သူများကို စခန်းပြင်ပထွက် တရားဝင်အလုပ်ထွက်လုပ်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့သည် တစ်နှစ်ကြာကာလထဲကို ရောက်ရှိလာပြီဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်ရရှိရန် ထိုင်းနိုင်ငံသားမဟုတ်သည့် ဂဏန်း (၁၃)လုံးပါ အထောက်အထားကဒ်များကို စခန်းပြင်ပအလုပ်ထွက်လုပ်သူများနှင့် ဒုက္ခသည်စခန်းအချို့တွင် စတင်ရိုက်ပေးနေခြင်းလည်းရှိကြောင်း စခန်းနေထိုင်သူများထံမှ သိရသည်။