Home သတင်း စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရချိန် ကော်သူးလေ ပညာရေးဝန်ထမ်းများ၏ ပေးဆပ်မှုက ဂုဏ်ယူစရာဖြစ်ကြောင်း FTUK သဝဏ်လွှာပို့

စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရချိန် ကော်သူးလေ ပညာရေးဝန်ထမ်းများ၏ ပေးဆပ်မှုက ဂုဏ်ယူစရာဖြစ်ကြောင်း FTUK သဝဏ်လွှာပို့

17
Photo: KTWG

အောက်တိုဘာ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေနယ်မြေအတွင်း ပညာရေးအဆောက်အအုံများ စစ်အုပ်စု၏ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည့် အခြေအနေတွင် လုံခြုံရေးနှင့်အခက်အခဲများကြားမှ အနာဂတ်မျိုးဆက်သစ်များအတွက် ပေးဆပ်မှုသည် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း ကော်သူးလေ အလုပ်သမားများ သမဂ္ဂ(FTUK) က ယနေ့၊ အောက်တိုဘာ(၅)ရက်တွင် ဆိုသည်။

ယနေ့ ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့သို့ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် FTUK က ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်အုပ်စုက စာသင်ကျောင်းများနှင့် ကလေးများ ပညာသင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ကော်သူးလေထဲရှိ ကျောင်းဆရာမ၊ ဆရာများအပါအဝင် ပညာရေးဝန်ထမ်းများအတွက် လုံခြုံရေးအန္တရာယ်ရှိနေသည်ဟု ဆိုသည်။

ထိုအခြေအနေတွင် အနာဂတ်ခေါင်းဆောင်၊ လူငယ်များအတွက် ကော်သူးလေ ပညာရေးဝန်ထမ်းများ၏ပေးဆပ်မှု သည် ဂုဏ်ယူစရာဖြစ်သလို မျိုးဆက်သစ်များ၏အရည်အသွေးကို တည်ဆောက်ပေးရန် FTUK သည်လည်း ဆရာ၊ ဆရာမများနှင့် တသားတည်းရှိနေကြောင်း ဖော်ပြသည်။

ထို့အပြင် မျိုးဆက်သစ်ခေါင်းဆောင်များ၏ အသိပညာ၊ အတတ်ပညာများ တိုးတက်ကောင်းမွန်လာစေရေး ရှေ့ဆက်လျှောက်ရမည့်ခရီးလမ်းတစ်လျှောက်တွင် မိမိတို့ကျရာကဏ္ဍအလိုက် စည်းလုံးညီညွှတ်မှုရှိစွာ အတူတကွ လက်တွဲလုပ်ဆောင်ကြရန်လည်း FTUK က တိုက်တွန်းထားသည်။

Photo: KTWG

အာဏာသိမ်းထားသည့် (၅)နှစ်ကျော်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများရှိ ပညာရေးအဆောက်အအုံများအပါအဝင် ပစ်မှတ်မဟုတ်သော အရပ်သားပြည်သူနေရာများ တိုက်ခိုက်ခံရမှု မြင့်တက်လျက်ရှိသည်။ ထိုအထဲတွင် ကေအဲန်ယူထိန်းချုပ်နယ်မြေ ခုနှစ်ခုလုံးပါဝင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာမှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာအထိ စာသင်ကျောင်း(၃၄)ကျောင်း တိုက်ခိုက်ခံခဲ့ရပြီးဖြစ်ကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD စာရင်းအရ သိရသည်။

ယနေ့၊ ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ကော်သူးလေနယ်မြေထဲရှိ ဆရာ၊ ဆရာမများကိုဂုဏ်ပြုသည့်အနေဖြင့် နှစ်စဥ်ကျင်းပလျက်ရှိရာ အချို့အခမ်းအနားဖြင့်ပြုလုပ်သည့်ပွဲများ၌ သင်ကြားရေးသက်တမ်းရင့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုလက်မှတ်ချီးမြင့်ခြင်း အစီအစဥ်အထိ ထည့်သွင်းပြုလုပ်ကြခြင်းရှိသည်။

၁၉၉၄ ခုနှစ်တွင် UNESCO က အောက်တိုဘာလ ၅ ရက်နေ့ကို ပညာရေးဝန်ထမ်းများအားဂုဏ်ပြုသည့် အပြည်ပြည်ဆိုင်ရာနေ့အဖြစ်ကြေညာခဲ့ရာမှ ကမ္ဘာ့ ဆရာများနေ့ဖြစ်လာရာ ယခုဆို နှစ်စဉ်ကျင်းပလာတာ ၃၂ ကြိမ်မြောက် ရှိပြီဖြစ်သည်။

အရည်အသွေးမြင့်ပညာရေးစနစ်တည်ဆောက်ရာတွင် ဆရာများ၏အရေးပါမှုကို ကမ္ဘာကအသိအမှတ်ပြုသည့်အနေဖြင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (UNESCO) မှ ၁၉၉၄ ခုနှစ်မှစတင်ကာ ကမ္ဘာ့ဆရာများနေ့ကို တရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများအပြားတွင် ယနေ့ထိတိုင် ပြုလုပ်ကျင်းပလျက်ရှိသည်။