အောက်တိုဘာ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ လူစည်ကားရာ အိန္ဒိယဈေးနေရာကို စစ်အုပ်စုလေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးသည့်အပေါ် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ပြင်းထန်စွာရှုတ်ချ၍ စစ်ရာဇဝတ်မှုမြောက်ကြောင်း ထောက်ပြပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၈) ရက်တွင် စစ်အုပ်စုသည် အရပ်သားပြည်သူများသွားလာနေသည့် ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့်ကစ္ဆပနဒီတံတား ပတ်ဝန်းကျင်ကို လေကြောင်းမှ ဦးတည်တိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သား(၅၀) ဦးထက်မနည်း သေဆုံးပြီး (၅၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့်အပေါ် စစ်အုပ်စုသည် အရပ်သားများရှိရာနေရာကို တမင်ပစ်မှတ်ထားခြင်းဖြစ်၍ ၎င်းတို့လုပ်ရပ်က ဂျီနီဗာကွန်ဗင်းရှင်း၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေ (IHL) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း တိုင်းရင်းသား၊ လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြသည်။
“စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုမှာ မသိဘဲလုပ်နေတာ မဟုတ်ဘူး။ အထူးသဖြင့် ဒရုန်းထောက်လှမ်းတဲ့နေရာမှာ ပွိုင့်တွေအကုန်လုံးကို ယူထားတာဖြစ်တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူလူထုကို ပစ်မှတ်ထားပြီး လုပ်နေတာဖြစ်တယ်” ဟု KHRG ပြောခွင့်ရ စောအဲလ်ဘတ်က ပြောသည်။
ထိုသို့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် စစ်အုပ်စုတို့၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းအပေါ် PNFC ကလည်း အပြင်းအထန်ရှုတ်ချထားပြီး ပြစ်မှုများအတွက်တာဝန်ခံရမည်ဟု ဆိုသည်။ ထို့အပြင် တာဝန်ယူ၊ တာဝန်ခံမှုမရှိဘဲ ငြိမ်းချမ်းရေးကိုအဖြေရှာမည့် နိုင်ငံရေးဆွေးနွေးမှုများ မဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

ထို့အတူ စစ်အုပ်စု ပြောဆိုနေသည့်ငြိမ်းချမ်းရေးမှာ လက်နက်နှင့်အာဏာအသုံးပြု ပြည်သူနှင့် အဖွဲ့အစည်းများကို ခြိမ်းခြောက်၍ ဒူးထောက်အညံ့ခံစေရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု ကရင်ငြိမ်းချမ်းရေး ထောက်ကူကွန်ရက်-KPSN ကလည်း သုံးသပ်ထားခြင်းရှိသည်။
KPSN ပြောရေးဆိုခွင့်ရှိသူ စောအယ်ဒိုဝါးက “စစ်အစိုးရက အော်နေတဲ့ ငြိမ်းချမ်းရေးက တစ်ကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဟုတ်ဘူး။ လက်နက်နဲ့ အာဏာကို အသုံးပြုပြီး ခြိမ်းခြောက်တယ်၊ အပြစ်မဲ့ ပြည်သူတွေကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်တယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး” ဟု ကေအိုင်စီကို ပြောသည်။
ယင်းကြောင့် စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရေးအတွက် စစ်လက်နက်နှင့်လေယာဥ်ဆီ စီးဆင်းမှုများကို နိုင်ငံတကာအနေဖြင့် ဖိအားပေးဖြတ်တောက်ရန် လိုအပ်သလို စစ်အုပ်စု၏နိုင်ငံတကာတွင် အသိအမှတ်ပြုခံရရေး ကြိုးပမ်းနေမှုကို တရားဝင်မပေးရန်လည်း PNFC နှင့် KHRG တို့မှ ထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုသွားသည်။
အလားတူ ဥရောပသမဂ္ဂ (EU) ကလည်း စစ်တပ်၏ကျောက်တော်မြို့၊ လေကြောင်းတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း၊ မြန်မာပြည်သူများနှင့်အတူရပ်တည်၍ မြန်မာ လက်နက်ကိုင်များအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လိုက်နာရန်လိုကြောင်း ယမန်နေ့( အောက်တိုဘာ ၁ ရက်)နေ့က ထုတ်ပြန်ဖော်ပြသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးရုံး-OHCHR ၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းကာလ ၂၀၂၅ ခုနှစ် ဇွန်လမှ ၂၀၂၆ ခုနှစ် မေလအထိ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အရပ်သားသေဆုံးမှုစုစုပေါင်း(၁,၂၄၁)ဦးရှိသည့်အနက် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့်ကလေးငယ် အပါအဝင် (၈၄၅)ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။


















