Home သတင်း (Karen Intergenerational Leadership Conference) တွေ့ဆုံပွဲ ညီလာခံမှ ပါဝင်တက်ရောက်ခဲ့သူများ၏ စကားသံများ

(Karen Intergenerational Leadership Conference) တွေ့ဆုံပွဲ ညီလာခံမှ ပါဝင်တက်ရောက်ခဲ့သူများ၏ စကားသံများ

28

တတိယအကြိမ် အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်လူငယ်များ (Karen Intergenerational Leadership Conference) တွေ့ဆုံပွဲ ညီလာခံမှ ပါဝင်တက်ခဲ့ရောက်သူများ၏ စကားသံများ

အောက်တိုဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအရေးအတွက် လက်ရှိ ဦးဆောင်နေသူ ခေါင်းဆောင်များနှင့် မျိုးဆက်သစ် ခေါင်းဆောင် များအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပသည့် အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်လူငယ်များ (Karen Intergenerational Leadership Conference) တွေ့ဆုံပွဲ ညီလာခံကို ကော်သူးလေနယ်မြေ တစ်နေရာ၌ စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကွန်ဖရင့်သို့ တက်ရောက်ခဲ့သည့် ခေါင်းဆောင်နှင့်လူငယ်များ၏ အမြင်၊ သုံးသပ်ချက်နှင့် မျှော်လင့်ချက် စကားသံများကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။

ပဒို စောလယ်နယ် (KILC committee)
ဒီလိုကွန်ဖရန့်မျိုးက အရမ်းအရေးကြီးပါတယ်။ ကရင့်တော်လှန်ရေးကို ပြန်ကြည့်မယ်ဆိုရင် နှစ် ၈၀ နီးပါး ပြည့်လုနီးနေပြီ ဖြစ်သလို ကရင့်တော်လှန်ရေးက တော်လှန်နေရတဲ့ ကာလမျိုးမှာပဲ ရှိနေသေးတယ်။ အောင်မြင်တဲ့အထိ သေချာ မရောက်နိုင်သေးဘူး။ ပြီးတော့ မျိုးဆက်တစ်ခုနဲ့ တစ်ခုကြား တော်လှန်လာတာ မျိုးဆက် ၄ ခုမြောက် ရှိလာပါပြီ။ မျိုးဆက်တစ်ခုချင်းစီကနေ တာဝန်ယူပြီး ကျနော်တို့ ကရင်လူမျိုးတွေကို အခုခေတ်ကာလအထိ ရောက်လာစေခဲ့တာပါ။ ဒါကြောင့် မအောင်မြင်သေးတဲ့ ဒီတော်လှန်ရေးအတွက် လာမယ့်မျိုးဆက်တွေအထိ ဆက်ပြီး တော်လှန်နိုင်ဖို့ လိုအပ်တဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေက တာဝန်ယူနိုင်ဖို့ ဒီအစီအစဉ်က တကယ့်ကို အရေးကြီးပါတယ်။

အခု မျိုးဆက်လူငယ်တွေတင် မကဘဲ အရင်မျိုးဆက်က လက်ရှိ လူကြီးပိုင်း ရောက်နေသူတွေပါ ဒီအစီအစဉ်မှာ ပါဝင်တက်ရောက်ကြပြီး မျိုးဆက်နှစ်ခုအကြား တွေ့ဆုံကြတယ်။ ခေါင်းဆောင်တွေကလည်း သူတို့ရဲ့ အတွေ့အကြုံတွေကနေ အားနည်းချက် အားသာချက်တွေနဲ့ လက်ရှိ ဘာတွေ လိုအပ်နေသလဲဆိုတာကို မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေကို မျှဝေပေးကြတယ်။ အဲဒီလိုပဲ လက်ရှိ လူငယ်ခေါင်းဆောင်တွေကလည်း ပါဝင်လုပ်ဆောင်နိုင်ဖို့ သူတို့ရဲ့ စိတ်အားထက်သန်မှုကို ပြသပြီး ဒီအစီအစဉ်မှာ ပါဝင်လာကြတာကို မြင်တွေ့ရပါတယ်။

အခုခေတ် လူငယ်တွေအနေနဲ့ အခုလို ခေတ်ကာလမျိုးမှာ အရင်ခေတ် စခဲ့တဲ့ တော်လှန်ရေး နည်းလမ်းနဲ့ မတူတော့ပါဘူး။ နည်းပညာတော်လှန်ရေးကို အမှီလိုက်နိုင်ဖို့ တိုးတက်ဖွံ့ဖြိုးမှုတွေ လိုအပ်ပါတယ်။ ဒါကြောင့် ခေတ်ပညာတတ် လူငယ်ခေါင်းဆောင်တွေ ကရင့်တော်လှန်ရေးမှာ အများကြီး ပါဝင်လာဖို့ ကျနော်တို့ လိုအပ်နေပါတယ်။ ဒီ Karen Intergenerational Leadership Conference(KILC)အစီအစဉ်မှာ ကျနော်တို့ ခေတ်ပညာတတ်လူငယ်တွေဖြစ်စေ တကယ့် မြေပြင်မှာ တာဝန်ယူနေပြီဖြစ်တဲ့ ခေါင်းဆောင်တွေဖြစ်စေ ဖိတ်ခေါ်ပြီး ကိုယ့်နယ်ပယ်၊ ကိုယ့်ကဏ္ဍကနေ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးကြပါတယ်။ ကွဲပြားနေတဲ့ ကရင်လူငယ်တွေကို ပြန်လည်စုစည်းပြီး မိခင် ကေအဲန်ယူ အဖွဲ့အစည်းနဲ့ နီးစပ်လာနိုင်ဖို့ အများကြီး လိုအပ်ပါတယ်။ ဒီအစီအစဉ် ပြီးသွားတဲ့အခါ ပါဝင်လာတဲ့ လူငယ်တွေအနေနဲ့ ကရင်တော်လှန်ရေးမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲ ဆိုတာကို တွေ့မြင်လာတာနဲ့အမျှ ကျနော်တို့ လူမျိုးတွေ လွတ်မြောက်ရေးအတွက် ပါဝင်မှု အားကောင်းလာမယ်လို့ပဲ ကျနော် မြင်ပါတယ်။

နောက်တစ်ခုက ဒီ KILC ကနေတစ်ဆင့် ကေအဲန်ယူ က Human Resource Development Unit တစ်ခုကို စတင်ဖွဲ့စည်းလိုက်နိုင်ခဲ့တယ်။ ဆိုလိုတာက ဒီယူနစ်တစ်ခု ရှိခြင်းအားဖြင့် ပညာတတ်လူငယ်တွေကို ချိတ်ဆက် ဆက်သွယ်ပေးမယ်။ လူငယ်တွေကလည်း ဒီယူနစ်ကနေတစ်ဆင့် ချိတ်ဆက်ပြီး တော်လှန်ရေးမှာ ဘယ်လို ပါဝင်ပူးပေါင်းနိုင်မလဲဆိုတာ တိုးတက်တဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပါလိမ့်မယ်။ လူငယ်တွေအနေနဲ့လည်း နည်းလမ်းရှာပြီး တော်လှန်ရေးမှာ ဘယ်လို ပူးပေါင်းပါဝင်လာနိုင်မလဲဆိုတာ တိုးတက်ပြောင်းလဲမှုရှိတဲ့ လားရာကောင်းတစ်ခု ဖြစ်တယ်လို့ မြင်ပါတယ်။

စောအယ်ကလူဝါး ( ချင်းမိုင်တက္ကသိုလ် ကရင်ကျောင်းသားလူငယ်)
ဒါက ကျနော်တို့ ကရင်တော်လှန်ရေးနဲ့ ကော်သူးလေ တည်ဆောက်ရေးအတွက်ဆိုရင် အရမ်း အရေးကြီးပါတယ်။ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်း အနေနဲ့ တွေ့ဆုံနိုင်တာ ပြီးတော့ ကရင်တော်လှန်ရေးက ဘယ်အရာအတွက် အဓိက တော်လှန်နေတာလဲ ဆိုတဲ့ မေးခွန်းကနေပြီးတော့မှ ကျနော်တို့ ဘာကို တည်ဆောက်ချင်သလဲဆိုတာ ဖော်ထုတ်တာဖြစ်ပါတယ်။ Nation building အတွက် ဘယ်လိုမျိုး သွားမလဲဆိုတဲ့ စီမံကိန်းချတာထက် အခုအချိန်မှာ ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတဲ့ အရွေ့ကို ရွှေ့နိုင်ဖို့ အရေးကြီးတဲ့ political space တစ်ခု ဖြစ်တယ်လို့ ကျနော် မြင်မိပါတယ်။ ဒီနေ့ခေတ်မှာ ကျနော်တို့ ဒီတော်လှန်ရေးကို လက်နက်ကိုင် တော်လှန်ရေး တစ်ခုတည်းအနေနဲ့ မမြင်သင့်ဘဲ social transformation အနေနဲ့ အရင်တုန်းက ရှိခဲ့တဲ့ ရှေးရိုးစွဲ အရာတွေကို ပြင်ဆင်ပြီး knowledge production လို့ခေါ်တဲ့ အသိပညာတွေကို ဒီမိုကရေစီနည်းကျကျ ဘယ်လို ထုတ်လုပ်မလဲ နိုင်ငံ တည်ဆောက်ရေးမှာ အရေးပါတဲ့ institution building နဲ့ ဘယ်လို ပေါင်းစည်းမလဲ ဆိုတာကို မြင်ဖို့ လိုပါတယ်။

ဒီ ညီလာခံမှာ အရေးကြီးတဲ့ အချက်တစ်ခုကတော့ ခေါင်းစဉ်အတိုင်း Karen Intergenerational Leadership Conference ဖြစ်တဲ့အတွက် intergenerational dialogue (မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းများအကြား ဆွေးနွေးဖလှယ်ခြင်း) က အရမ်းအရေးကြီးပြီး အဓိပ္ပာယ်ရှိပါတယ်။ ကရင့်တော်လှန်ရေးကို ကြည့်မယ်ဆိုရင် မျိုးဆက်ဟောင်းတွေဆီမှာ နှစ်ပေါင်း ၇၀ ကျော် ရင်းနှီးခဲ့ရတဲ့ ကြိုးပမ်းမှုတွေ နိုင်ငံရေး ရပ်တည်ချက် စွန့်လွှတ်မှုတွေနဲ့ local knowledge တွေ ရှိကြပါတယ်။ တစ်ဖက်မှာလည်း ဒီကွန်းဖရင့်ကနေ လူငယ်မျိုးဆက်သစ်တွေဆီက education(ပညာရေး)၊ technology(နည်းပညာ)၊ research(သုတေသန)၊ gender inclusiveness(ကျား-မတန်းတူညီမျှပါဝင်မှု)၊ international relations (နိုင်ငံတကာဆက်ဆံရေး) နဲ့ peacebuilding (ငြိမ်းချမ်းရေးတည်ဆောက်မှု) စတဲ့ နယ်ပယ်အသီးသီးက knowledge နဲ့ professional expertise(ကျွမ်းကျင်မှုနယ်ပယ်ဆိုင်ရာ အဆင့်မြင့်အသိပညာနှင့် ကျွမ်းကျင်မှု) တွေကို ယူဆောင်လာနိုင်ခဲ့ပါတယ်။

ဒီ conference ကနေ နှစ်ခုကို ပြိုင်ဘက်အနေနဲ့ မသွားဘဲ intergenerational knowledge exchange တစ်ခုအနေနဲ့ ပြောင်းလဲနိုင်ခဲ့တယ်။ လူငယ်ဖြစ်တာနဲ့ အဟောင်းအားလုံးကို ဖျက်ရမယ်လို့ မဆိုလိုသလို၊ မျိုးဆက်ဟောင်းဖြစ်တာနဲ့လည်း historical experience တွေကို အာဏာအဖြစ် အလိုလိုနေရင်း သုံးချလို့ မရပါဘူး။ ဒါကြောင့် ဒီ conference ကနေ ကရင့်တော်လှန်ရေးဟာ generation တစ်ခုတည်းရဲ့ project မဟုတ်ဘဲ မျိုးဆက်သစ်ရော မျိုးဆက်ဟောင်းပါ နှစ်မျိုးလုံးအတွက် နိုင်ငံရေး project တစ်ခုအနေနဲ့ ဆက်လက် အသက်ဝင်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

စောအဲထယော်ခလိန်း ( ကရင်လူငယ်အစည်းအရုံး -KYO)
ဒီ ကွန်ဖရင့်က ကျနော့်အတွက်တော့ တကယ် အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က mixed-controlled area ကနေ ကြီးပြင်းလာသူ ဖြစ်တဲ့အတွက် ကရင့်တော်လှန်ရေးနဲ့ အလှမ်းဝေးခဲ့ပါတယ်။ ကွန်ဖရင့်ကို ကျနော်ပါဝင်တက်ရောက်တော့ စာအုပ်တွေနဲ့ သတင်းမီဒီယာတွေမှာ မရနိုင်တဲ့ မြေပြင်က တကယ့် တော်လှန်ရေးခေါင်းဆောင်တွေရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေ ခေတ်အဆက်ဆက် ခေါင်းဆောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ အားသာချက် အားနည်းချက်တွေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို ခေါင်းဆောင် တွေက ပွင့်ပွင့်လင်းလင်း မျှဝေပေးတဲ့အတွက် အများကြီး လေ့လာသင်ယူခွင့် ရခဲ့ပါတယ်။ သင်ခန်းစာတွေ အများကြီး ယူစရာ ရှိသလို လေးစားအတုယူရမယ့် အချက်တွေလည်း အများကြီး ရခဲ့တယ်။

နောက်တစ်ချက်အနေနဲ့ကတော့ ဒီ ကွန်ဖရင့်မှာ တက်ရောက်လာတဲ့ ခေါင်းဆောင်တွေနဲ့ လူငယ်မျိုးဆက်တွေကြား အတူတူ ပါဝင်ဆွေးနွေးနိုင်မယ့် space တစ်ခု ဖန်တီးပေးထားပါတယ်။ ခေါင်းဆောင်တွေနဲ့ လူငယ်တွေကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရတဲ့အတွက် လူကြီးနဲ့ လူငယ်တွေကြား အရမ်းအရေးကြီးပြီး လိုအပ်တဲ့ အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှုတွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါက အရမ်းအရေးကြီးပါတယ်။ အရင် ခေါင်းဆောင်မျိုးဆက်တွေကနေ လာမယ့် လူငယ်မျိုးဆက်တွေကို တော်လှန်ရေး တာဝန်တွေ လက်ဆင့်ကမ်းတဲ့အခါ လူကြီးတွေက လူငယ်တွေကို ယုံကြည်ဖို့ လိုအပ်ပါတယ်။

တော်လှန်ရေးနဲ့ အလှမ်းဝေးသူတွေဖြစ်ဖြစ်၊ ကော်သူးလေ တည်ဆောက်ရေးမှာ တစ်ထောင့်တစ်အား ပါဝင်ကူညီချင်တဲ့ ကရင်လူငယ်တွေဖြစ်ဖြစ် ပါဝင်လို့ရအောင် လမ်းကြောင်းတစ်ခု ဖန်တီးပေးထားပါတယ်။ ဒီ Intergenerational Leadership Conference အပြီးမှာ Human Resources Development Unit တစ်ခု ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ unit က ကော်သူးလေ တည်ဆောက်ဖို့ လိုအပ်တဲ့ human resource တွေကို management လုပ်တဲ့ unit ဖြစ်ပါတယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်း၊ အရည်အသွေးနဲ့ အချိန်တွေကို အသုံးပြုပြီး ကော်သူးလေ တည်ဆောက်ရာမှာ ပါဝင်ချင်တဲ့အခါ ဒီ unit နဲ့ ချိတ်ဆက်ပြီး မိမိ ပါဝင်ချင်တဲ့ အခန်းကဏ္ဍနဲ့ ပုံစံကို ဆောင်ရွက်နိုင်ပါတယ်။

ကော်သူးလေ တည်ဆောက်ရေးမှာ အချိန်ပြည့် လူကိုယ်တိုင် မပါဝင်နိုင်ရင်တောင် အွန်လိုင်းကနေဖြစ်စေ အချိန်ပိုင်းအနေနဲ့ဖြစ်စေ အကြံဉာဏ် ပေးတာဖြစ်စေ ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ မိခင် အစည်းအရုံးအနေနဲ့ တော်လှန်ရေးကို စစ်တိုက်တာ တစ်ခုတည်း မဟုတ်ဘဲ public administration၊ governance၊ ဥပဒေ၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ အစိုးရတစ်ရပ်လို လည်ပတ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကော်သူးလေ ဘယ်လို တည်ဆောက်နေတာလဲဆိုတာ လေ့လာချင်ရင်ပဲဖြစ်ဖြစ် ပါဝင်ချင်ရင်ပဲဖြစ်ဖြစ် ဒီ Karen Intergenerational Leadership Conference ကို တက်ရောက်ဖို့ လုံးဝ recommend ပေးပါတယ်။

နန်းယွန်းယွန်း (ကရင်လူငယ်အမျိုးသမီး )
မြေပြင်မှာ နေတုန်းက အခြေအနေနဲ့ ဒီကို ရောက်လာပြီး အတွေ့အကြုံက အများကြီး ကွာခြားပါတယ်။ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေရော တော်လှန်ရေးကိစ္စတွေကိုရော သဲသဲကွဲကွဲ မသိခဲ့ရပါဘူး။ ဒီရောက်မှ သူတို့ ဆက်လက်သွားမယ့် အစီအစဉ်တွေနဲ့ တော်လှန်ရေးဆိုင်ရာ အဖြေတွေကို ပိုမို သိရှိလာရပါတယ်။ ရှေ့ဆက်ပြီး ပြည်သူတွေအတွက် အခွင့်အလမ်းတွေ ရပိုင်ခွင့်တွေနဲ့ လာမယ့် အစီအစဉ်တွေကို ပိုပြီး နားလည်လာခဲ့ပါတယ်။

အုပ်ချုပ်ရေးနဲ့ ဦးဆောင်မှုပိုင်း အထူးသဖြင့် ပညာရေးဌာနမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ လုပ်ပိုင်ခွင့်တွေ ပိုမို များပြားလာပါတယ်။ ဒီမှာ မတရားမှုကို တိုက်ထုတ်ရာမှာ ဘယ်လို ဆက်သွားမလဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ မတရားတာ ခံနေရသရွေ့ ဆက်လက် တော်လှန်သွားရမယ်ဆိုတဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အဖြေကို ရရှိခဲ့ပါတယ်။

ဒါက ကရင်လူမျိုး တစ်ခုတည်းအတွက် မဟုတ်ဘဲ မြန်မာပြည်မှာရှိတဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေ အမြင် ဖလှယ်ခွင့်ရတဲ့ ပွဲဖြစ်တာကြောင့် ကိုယ့်ရဲ့ ထင်မြင်ချက်တွေ နိုင်ငံရေး လှုပ်ရှားမှုတွေကို ဆွေးနွေးခွင့် ရခဲ့ပါတယ်။ လာမယ့်နှစ် conference တွေမှာလည်း လူငယ်တွေ ပိုမို ပါဝင်စေချင်ပါတယ်။ အဲဒါမှလည်း လူငယ် အခန်းကဏ္ဍ ပိုမို မြင့်တက်လာမှာ ဖြစ်ပြီး လူငယ်တွေကို လက်မလျှော့ဘဲ ဆက်လက် ပါဝင်ပေးကြဖို့ ပြောချင်ပါတယ်။