Home သတင်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝ မွေးနေ့အကြို ဆန်၊ ဆီနှင့် ငွေသားများ လှူဒါန်း

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝ မွေးနေ့အကြို ဆန်၊ ဆီနှင့် ငွေသားများ လှူဒါန်း

28
Photo: DKBA

အောက်တိုဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝ၏ ၅၅ နှစ်မြောက် မွေးနေ့အကြိုအဖြစ် အဖွဲ့ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်၌ စစ်ဘေးရှောင်များနှင့် ဒေသခံလူထုများကို ဆန်၊ စားသုံးဆီနှင့် ငွေသားများ ယနေ့ (အောက်တိုဘာ ၂၃ ရက်) တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လာမည့် အောက်တိုဘာလ ၂၅ ရက်(တနင်္ဂနွေနေ့)တွင် ကျရောက်မည့် မွေးနေ့အကြိုအတွက် DKBA ဌာနချုပ် အနီးရှိ စစ်ဘေးရှောင်များအပါအဝင် အနီးအနားဝန်းကျင်ရှိ ဒေသခံများအား ဆန်အိတ် ၁,၀၀၀၊ စားသုံးဆီ ၁,၀၀၀ ဖာနှင့် သက်ကြီးရွယ်အို ၅၀ ခန့်ကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁,၀၀၀ စီ လှူဒါန်းပေးနေခြင်းဖြစ်သည်။

အဆိုပါ လှူဒါန်းမှုကို ဆုံဆည်းမြိုင်ကွင်းအတွင်း နေရာနှစ်နေရာခွဲ၍ ပြုလုပ်ပေးနေပြီး နယ်စပ်ထိုင်းဘက်ခြမ်းမှ အကူအညီလိုအပ်နေသူ အချို့လည်း လာရောက်ထုတ်ယူကြကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးစောရွှေဝသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင် DKBA စစ်ဦးစီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိ အာဏာသိမ်း စစ်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်တက်ရောက်နေသူဖြစ်သည်။

ဗိုလ်ချုပ်ကြီးစောရွှေဝ ဦးစီးသည့် (DKBA) အဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးသည် ထိုင်း-မြန်မာနယ်စပ် DKBA ထိန်းချုပ်ရာဒေသများအတွင်း တရားမဝင် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများကို အကာအကွယ် ပေးခြင်း၊ ရာဇဝတ်ဂိုဏ်းများလည်ပတ်ခွင့်ပြုခြင်း၊ လူကုန်ကူးမှုနှင့် အတင်းအကျပ် ခိုင်းစေ/ နှိပ်စက်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဥရောပသမဂ္ဂ (EU) ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု (Sanction) စာရင်း၌ ထည့်သွင်းခံခဲ့ရသည်။

Photo: DKBA