Home သတင်း ရေဘေးသင့် လောင်းလုံးမြို့နယ်အတွင်း စစ်အုပ်စု စစ်ကြောင်းထိုးနေ

ရေဘေးသင့် လောင်းလုံးမြို့နယ်အတွင်း စစ်အုပ်စု စစ်ကြောင်းထိုးနေ

26
Photo: Social Media (ပုံဟောင်း)

အောက်တိုဘာ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း အရပ်သားပြည်သူများ သဘာဝဘေးဆိုးရွားစွာ ရင်ဆိုင်နေရချိန်တွင် စစ်အုပ်စုက အင်အားအလုံးအရင်းဖြင့် လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က ယမန်နေ့ ( အောက်တိုဘာလ ၄ ရက်) တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာနောက်ဆုံးအပတ်က ထားဝယ်ခရိုင်တွင် မိုးရွာသွန်းမှုများပြားရာမှ ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးနှင့် အကူအညီလိုအပ်နေချိန်တွင် စစ်အုပ်စုက ညင်းမော်ကျေးရွာသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ယင်းမှတစ်ဆင့် လောင်းလုံးမြို့နယ်အတွင်း ဘေးအန္တရာယ်အဆိုးဆုံးရင်ဆိုင်ခဲ့ရသည့် ကဒက်ငယ်ကျေးရွာဘက်သို့ ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု နည်းဗျူဟာ (၃၃) ၏ ထုတ်ပြန်ချက်က ဆိုသည်။

၎င်းတို့အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များအနေဖြင့်မူ စစ်အုပ်စု စစ်ကြောင်းထိုးမှုကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ အရပ်သားပြည်သူ ထပ်မံထိခိုက်နစ်နာမှု မရှိစေရန် ခေတ္တနောက်ဆုတ်ပေးထားကြောင်း သိရသည်။

သို့ရာတွင် ရေဘေးသင့်ပြည်သူများ၏ အခြေအနေကို လျစ်လျူရှုကာ စစ်အုပ်စု စစ်ကြောင်းဆက်ထိုးနေပါက ပြင်းထန်စွာ အရေးယူတုံ့ပြန်သွားမည်ဟု နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက ထုတ်ပြန်ချက်တွင် သတိပေးသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများမပြီးပြတ်သေးသည့် အခြေအနေ၌ စစ်အုပ်စုသည် ထားဝယ်နှင့်သရက်ချောင်းထဲရှိ ကျေးရွာများသို့ နှစ်ရက်ဆက်တိုက် လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အဖွဲ့ဝင်များမှာ လုံခြုံသည့်နေရာများသို့ အမြန်ရှောင်တိမ်းရခြင်းရှိခဲ့သလို လုပ်ငန်းစဥ်များရပ်ဆိုင်းကာ ပြန်လှည့်ခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိကြောင်း တနင်္ဿာရီဒေသ လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံရေးအင်အားစုများထံမှ သိရသည်။

“လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးမှုတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို အများကြီး နှောင့်နှေးစေတယ်။ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ သူတွေကို ကြောက်ရွံ့စိတ်တွေ ပိုပြီးတော့ များစေတယ်။ ဆက်ပြီး ဆောင်ရွက်လိုစိတ် မရှိနိုင်အောင် လုပ်နေတယ်လို့ ယူဆလို့ရတယ်” ဟု တနင်္သာရီ ဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီ (TFUCC) တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ပုံမှန်ထက် ပိုမိုအချိန်ကြာစေပြီး သဘာဝဘေးသင့်ပြည်သူများအတွက် အခက်အခဲနှင့် ထိခိုက်နစ်နာမှုများ ပိုမိုကြုံတွေ့စေခြင်းရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

၎င်းတို့ TFUCC အနေဖြင့်လည်း သဘာဝဘေးဒဏ် ဆိုးဆိုးရွားရွားသင့်ခဲ့ရသည့် ထားဝယ်ခရိုင်အတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခြင်းအပေါ် အောက်တိုဘာ(၂)ရက်နေ့က ထုတ်ပြန်ချက်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားသည်။

လက်ရှိအခြေအနေတွင် လူဦးရေ(၃၀)ထက်မနည်း ရေဘေးသင့် သေဆုံးခဲ့ပြီးဖြစ်သည့် ထားဝယ်ခရိုင်သို့ နိုင်ငံတဝန်းမှ လူမှုကူညီရေးအဖွဲ့များ လာရောက်ပူးပေါင်းကူညီနေကြသော်လည်း မြေပြိုထားသည့်ဒေသများအထိသွားနိုင်ရန် ကြိုးပမ်းနေဆဲအခြေအနေရှိသလို ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေနှင့်စားနပ်ရိက္ခာများ လိုအပ်ချက်ရှိနေဆဲ ဖြစ်သည်။