Home သတင်း မြန်မာနိုင်ငံတွင် လူဦးရေ (၃၇)သန်းကျော် ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုဖြင့် ရင်ဆိုင်နေရကြောင်း UNDP ထုတ်ပြန်

မြန်မာနိုင်ငံတွင် လူဦးရေ (၃၇)သန်းကျော် ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုဖြင့် ရင်ဆိုင်နေရကြောင်း UNDP ထုတ်ပြန်

21
Photo: UNICEF

အောက်တိုဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ၏လူဦးရေ သုံးပုံ နှစ်ပုံ (၃၇.၅)သန်းခန့်သည် ဝင်ငွေအပါအဝင် ကျန်းမာရေး၊ ပညာရေးနှင့်လူနေမှု အဆင့်အတန်း ကဏ္ဍ(၃)ခုလုံးတွင် ဆင်းရဲနွမ်းပါးမှုဖြင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် (UNDP) က အောက်တိုဘာ(၈)ရက်နေ့တွင် ထုတ်ပြန်သည့် ” မြန်မာနိုင်ငံရှိ ဘက်စုံရှုထောင့်စုံ ဆင်းရဲနွမ်းပါးမှု” အစီရင်ခံစာသစ်အရ သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၁၇.၉ သန်းခန့်သည် ဘက်စုံဆင်းရဲနွမ်းပါးမှုဖြင့် အမှန်တကယ်ရင်ဆိုင်နေရပြီး နောက်ထပ် လူဦးရေ ၁၉.၅ သန်းမှာလည်း ယင်းကဲ့သို့ ဆင်းရဲနွမ်းပါးမှုအတွင်းသို့ ထပ်မံ ကျရောက်နိုင်သည့် အခြေအနေတွင် ရှိနေ၍ အားလုံးခြုံငုံပါက (၃၇.၅)သန်းအထိ ပမာဏရှိသည်ဟု UNDP က ဆိုသည်။

အများအားဖြင့် လူဦးရေထူထပ်သည့် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ဆင်းရဲနွမ်းပါးမှုအများဆုံးဖြစ်၍ အဓိအကြောင်းအရင်းမှာ ပညာအရည်အချင်း နိမ့်ပါးခြင်း၊ အလုပ်အကိုင် မတည်ငြိမ်ခြင်း၊ ပဋိပက္ခနှင့် နေရပ်စွန့်ခွာရခြင်း၊ ဈေးကွက်ပျက်စီးခြင်း၊ သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်ကြောင်း UNDP က ယူဆထားသည်။

စားဝတ်နေရေးနှင့် အခြေခံလိုအပ်ချက်များ ကျပ်တည်းလာမှုသည် မြန်မာပြည်သူတို့၏ဝယ်ယူနိုင်စွမ်းကို ကျဆင်းသွားစေပြီး အခြေခံစားသောက်ကုန်များမှလွဲ၍ အခြား အထွေထွေ အသုံးစရိတ်များကို လျှော့ချလိုက်ရခြင်းတို့ ဖြစ်ပေါ်စေကြောင်းလည်း အစီရင်ခံစာအရ သိရသည်။

“မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုဟာ ဒီနေ့ခေတ် ဆင်းရဲမွဲတေမှု နက်ရှိုင်းလာတာတင် မကဘဲ မနက်ဖြန်အတွက် စီးပွားရေး အခွင့်အလမ်းတွေ ကျဉ်းမြောင်းလာတာ ဖြစ်တယ်” ဟု UNDP ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja က ဆိုသည်။

ထို့အပြင် ဆင်းရဲနွမ်းပါးမှုသည် ဒေသအလိုက်မတူညီသလို ရခိုင်၊ ချင်း၊ ကယား၊ ကချင်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကျန်းမာရေးနှင့်လူနေမှုအဆင့်အတန်းချို့တဲ့မှုက အဓိကကျနေကြောင်း ဖော်ပြသည်။

ပဋိပက္ခများကြားမှ ပြန်လည်ထူထောင်ရေး၊ ခံနိုင်ရည်စွမ်းအား မြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အရေးပေါ် ပြန်လည် ထောက်ကူပေးနိုင်ခြင်း မရှိပါက အကျိုးဆက်သည် ပြည်တွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍတစ်ခုလုံးကို ကူးစက်သွားပြီး တိုင်းပြည်၏ စီးပွားရေး ကျောရိုး လုံးဝ ပြိုလဲသွားနိုင်သည်ဟုလည်း UNDP က ထောက်ပြထားသည်။

UNDP မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေး၊ ရပ်ရွာလူထုအခြေပြု ခံနိုင်ရည်ရှိမှု စွမ်းအားများ တည်ဆောက်ရေးနှင့် သဘာဝဘေးအန္တရာယ်နှင့် စီးပွားရေးအခက်အခဲများဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။