Home တွေ့ဆုံမေးမြန်းခန်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဇူးပဒုမ္မာနှင့် တွေ့ဆုံမေးမြန်းခြင်း။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဇူးပဒုမ္မာနှင့် တွေ့ဆုံမေးမြန်းခြင်း။

30

“ပဋိပက္ခအသွင်ကနေပြီးတော့မှ နိုင်ငံရေးအသွင်ကို ကူးပြောင်းသွားနိုင်ဖို့သာလျှင် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့တော့ ကျမတို့အနေနဲ့ ယုံကြည်လက်ခံထားတယ်။”

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဇူးပဒုမ္မာနှင့် တွေ့ဆုံမေးမြန်းခြင်း။

အောက်တိုဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၃)ဖွဲ့နှင့် နိုင်ငံရေးအဖွဲ့အစည်းများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးကောင်စီ(SCEF) ၏ ဖက်ဒရယ်အရေး နိုင်ငံခြားကိုယ်စားလှယ်များနှင့် သွားရောက်တွေ့ဆုံမှုများနှင့် လုပ်ဆောင်ချက်များ၊ မြန်မာ့အရေးအပေါ် နိုင်ငံတကာ၏တုံ့ပြန်ချက်များ၊ အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်မှုနှင့်ပတ်သက်၍ SCEF ၏ အမြင်များကို သိရှိနိုင်ရန် ကောင်စီ၏အတွင်းရေးမှူးအဖွဲ့ဝင်၊ ကရင်နီကိုယ်စားပြုပုဂ္ဂိုလ် မဇူးပဒုမ္မာ နှင့် ကေအိုင်စီ-ကရင်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ SCEF နဲ့ နိုင်ငံတကာအစိုးရတွေ တွေ့ဆုံမှုတွေ ခပ်စိပ်စိပ်လုပ်လာတာကို တွေ့ရတယ်။ တွေ့ဆုံမှုရဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိအချိန်ထိ ဘယ်နှစ်နိုင်ငံလောက်ကို တွေ့ဆုံပြီးထားလဲဆိုတာ ပြောပြပေးပါ။
ဖြေ။ SCEF အနေနဲ့ စုဖွဲ့ပြီး ၅ လကျော် ၆ လဝန်းကျင်မှာ ၃ နိုင်ငံရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ ကနေဒါနိုင်ငံမှာ ကျမတို့ ခရီးစဉ်ဆောင်ရွက်ခဲ့တာ ရှိတယ်။ ပြီးရင် ဂျပန်နိုင်ငံ၊ ပြီးတော့ ဩစတေးလျနိုင်ငံ ဖြစ်ပါတယ်။ နောက်ထပ် တခြားသောနိုင်ငံတွေကိုလည်း SCEF အနေနဲ့ သွားရောက်တွေ့ဆုံဖို့အတွက် အစီအစဉ်တွေရှိပါတယ်။ သွားရောက်တွေ့ဆုံတဲ့အခါမှာ ပုံမှန်ကတော့ ကျမတို့က SCEF စုဖွဲ့ထားရှိမှုအနေအထားတွေ၊ ပြီးတော့ နိုင်ငံတကာကလည်း အမြဲတမ်းပြောတဲ့ တစုတည်း တသံတည်းဖြစ်နိုင်ဖို့ကိစ္စတွေပေါ့။ ဆိုတော့ SCEF အနေနဲ့ စုဖွဲ့ထားပြီးပြီ။ နောက်တခုက Strategy One Policy နဲ့ SCEF ကိုစုဖွဲ့ထားပြီးပြီဆိုတဲ့ဟာကို မိတ်ဆက်ထားနိုင်ဖို့၊ ပြီးတော့ SCEF ရဲ့လုပ်ငန်းစဉ်တွေကိုလည်း မိတ်ဆက်တာမျိုး ကျမတို့ကလုပ်တယ်။ အဓိကကတော့ ကျမတို့သွားတွေ့တဲ့အခါ SCEF ရဲ့နိုင်ငံရေးမူဘောင်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို မိတ်ဆက်တဲ့အစီအစဉ်တွေအနေနဲ့ အခုခရီးစဉ်ကို သွားခဲ့တာဖြစ်ပါတယ်။

မေး။ SCEF အနေနဲ့ ဒီနိုင်ငံတွေကို ချဥ်းကပ်တဲ့အခါမှာ ဘယ်အစိတ်အပိုင်းတွေကို အဓိကထားလဲ၊၊ ဒီနိုင်ငံတွေရဲ့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးအပေါ် အာရုံစိုက်မှုက ဘယ်လောက်ရှိလဲ သိပါရစေ။
ဖြေ။ နိုင်ငံတကာမှာ နိုင်ငံအလိုက်တွေ့ဆုံဆွေးနွေးတဲ့အခါ different country, different strategy, different approach အဲလိုပုံစံမျိုးနဲ့ပေါ့နော်။ မတူညီတဲ့ ချဉ်းကပ်မှုပုံစံတွေ၊ မတူညီတဲ့ စိတ်ဝင်စားမှုတွေအပေါ်မှာ ဆွေးနွေးကြရတဲ့ဟာမျိုးတွေတော့ ရှိတယ်။ ဒါပေမဲ့ SCEF အနေနဲ့ကတော့ ကျမတို့က လက်ရှိ မြန်မာနိုင်ငံရဲ့ အခင်းအကျင်းက ပဋိပက္ခအသွင်ကနေပြီးမှ နိုင်ငံရေးအသွင်ကူးပြောင်းဖို့အတွက်ကို သွားတဲ့နည်းလမ်းကပဲ အဖြေဖြစ်မယ်ဆိုတဲ့ဟာမျိုးကို ပြောဆိုဆွေးနွေးတာတွေရှိတယ်။ ဆိုတော့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့အတွက်၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်ဆိုရင် အကြမ်းဖက်စစ်အုပ်စုကပြောနေတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံပွဲလောက်နဲ့ ဖြေရှင်းလို့မရဘူး။ နိုင်ငံရေးအသွင်ကူးပြောင်းသွားတဲ့ ပုံစံမျိုးကပဲ အဖြေဖြစ်လိမ့်မယ်ဆိုတဲ့ဟာကို အဓိက message ပေးပြောဆိုတာတွေရှိပါတယ်။

တွေ့ဆုံခဲ့တဲ့နိုင်ငံအများစုကတော့ သူတို့မှာ အမြဲတမ်း စိုးရိမ်စိတ်ရှိတဲ့ဟာကတော့ ဘယ် stakeholder ဘယ်သူ့ကိုတွေ့ဆုံနိုင်မယ်ဆိုတဲ့ဟာက အမြဲတမ်းမေးခွန်းပေါ့နော်။ ဒါကြောင့်မို့လို့ အခု SCEF ရှိပြီဆိုတဲ့ဟာမျိုးကို ကျမတို့က ပြောရတာပေါ့။ SCEF စုဖွဲ့မှုအောက်မှာ အမျိုးသမီးအဖွဲ့တွေ၊ လက်နက်ကိုင်အင်အားစုတွေ၊ ပြီးမှ နောက်တခုက NUG, CRPH တို့လိုမျိုး အဖွဲ့အစည်းတွေကလည်း ရှိနေပြီ။ ပြီးတော့ ဖက်ဒရယ်ယူနစ်တွေပေါ့နော်။ အုပ်ချုပ်ရေး မြေပြင်မှာလုပ်နေတဲ့အစုအဖွဲ့တွေ ကိုယ်တိုင်ကလည်း ဒီမှာရှိနေပြီဆိုတဲ့ဟာမျိုးကို ကျမတို့က ချပြရတာဖြစ်တယ်။ တုံ့ပြန်မှုကတော့ မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့အတွက် သူတို့တွေလည်း နည်းလမ်းရှာနေကြတယ်ဆိုတဲ့ဟာမျိုးတွေပေါ့။

အဓိကကတော့ ဒီ ASEAN ရဲ့ Five-Point Consensus အတိုင်း ဘယ်အချိန်မှာ စကားပြောလို့ရမလဲ၊ ဘယ်အချိန်မှာ အပစ်အခတ်ရပ်နိုင်ဖို့အတွက်၊ ပြီးမှ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်းတွေကိုတော့ သူတို့ ပြောဆိုကြတာတွေရှိတယ်။ နောက်တခုကတော့ မြန်မာ့တော်လှန်ရေးအစုအဖွဲ့တွေရဲ့ စုစည်းမှုအပေါ်မှာ သူတို့ မေးခွန်းတွေတော့ရှိနေသေးတယ်ဆိုတာမျိုး တွေ့ရပါတယ်။

မေး။ SCEF ရဲ့စုဖွဲ့မှုအတွင်းက နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာဆက်ဆံရေးစဥ်းစားမှုတွေကို အခြေပြုလာတဲ့ နိုင်ငံရေးချဥ်းကပ်မှုတွေအတွက် ဘယ်လောက်မျှော်မှန်းထားလဲ။ ပြီးတော့ အစုအဖွဲ့အတွင်းမှာရော နိုင်ငံတကာဆက်ဆံရေးအတွက် ဘယ်လို ပေါ်လစီမူဝါဒတွေနဲ့ သွားနေလဲ။
ဖြေ။ SCEF အောက်မှာ ကျမတို့ အဓိက အကောင်အထည်ဖော်သွားမယ့် လုပ်ငန်းကဏ္ဍကြီး(၅) ခုရှိတယ်။ အဲဒီအထဲမှာ နိုင်ငံခြားရေးက တစ်ခုဖြစ်တယ်။ ဒါကြောင့်မို့လို့ SCEF ရဲ့အဓိကလုပ်ငန်းစဉ်တွေထဲမှာ နိုင်ငံခြားရေးကိစ္စကလည်း ပါဝင်နေတယ်။ ပထမဦးဆုံးအနေနဲ့က SCEF စုဖွဲ့ပြီးတဲ့နောက်ပိုင်းမှာ SCEF ရဲ့အတွင်းမှာ နိုင်ငံခြားရေးနဲ့ပတ်သက်ရင် ကျမတို့ကချဉ်းကပ်မှုပုံစံ ကွဲပြားနေတာတွေ၊ ပေါ်လစီအပေါ်မှာ နိုင်ငံခြားရေးပေါ်လစီ ကွဲပြားနေတာမျိုးတွေမဖြစ်ဘဲနဲ့ အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ပုံစံမတူညီတဲ့ ချဉ်းကပ်မှုတွေကို အစုအဖွဲ့တွေအကုန်လုံးက ပုံစံတစ်ခုတည်းဖြစ်အောင်လို့ စုစည်းရမယ့်တာဝန်က SCEF ရဲ့တာဝန်ဖြစ်လာတယ်။ အထူးသဖြင့်တော့ coordinate လုပ်ပြီးတာနဲ့မပြီးဘူး၊ အဲဒါတွေကို အကောင်အထည်ဖော်မယ့်ယန္တရားတွေကလည်း SCEF ရဲ့ platform ပေါ်မှာရှိလာဖို့အတွက်က SCEF ရဲ့အဓိကလုပ်ရမယ့်လုပ်ငန်းဖြစ်ပါတယ်။

နောက်တခုကတော့ နိုင်ငံတကာရေးရာကိစ္စနဲ့ပတ်သက်တာဆိုရင်လည်း ကျမတို့က တည်ငြိမ်ဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ကိစ္စတွေ ဒါတွေကို ပူးပေါင်းဆောင်ရွက်ဖို့ဟာတွေကို ကျမတို့က foreign policy ပေါ်မူတည်ပြီး တည်ဆောက်ရမယ့်ကိစ္စတွေရှိတယ်။ ပြီးမှ နောက်တခုက နယ်စပ်ရေးရာမတည်ငြိမ်မှု ဖြစ်နေတဲ့အနေအထားတွေ၊ ပြီးမှ လူဦးရေရွှေ့ပြောင်းမှုနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ နယ်စပ်တွေမှာ ပဋိပက္ခဖြစ်နေတဲ့ ကိစ္စတွေပေါ်မှာလည်း ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင်လည်း ဒီ foreign policy တွေကအရေးကြီးတယ်။ ပြီးမှ တကယ့်အရေးကြီးဆုံးကတော့ အနာဂတ်မှာ ကျမတို့က ဖယ်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံကို တည်ဆောက်မယ်ဆိုရင်တော့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့က ဆက်ဆံရေးတည်ဆောက်တဲ့နေရာမှာ အခြေခံကောင်းကောင်းနဲ့ ကြိုတင်ပြင်ဆင်ပြီးမှ ပါဝင်ရမယ့်အခန်းကဏ္ဍတွေရှိတယ်ဆိုတာကတော့ ဒီပေါ်လစီတွေ လုပ်ငန်းစဉ်တွေပေါ်မှာ ဒီရည်ရွယ်ချက်တွေပေါ်မှာ အခြေခံပြီးမှ နိုင်ငံခြားရေးမူဝါဒကိုပြင်ဆင်သွားဖို့ရှိတယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင် SCEF ရဲ့အောက်မှာ နိုင်ငံခြားရေးကဏ္ဍရှိတယ်၊ ဒီနိုင်ငံခြားရေးကဏ္ဍ အလုပ်အဖွဲ့ကနေပြီးမှ SCEF ရဲ့ foreign policy တွေ၊ ပြီးမှ နိုင်ငံအလိုက် အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားသောနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဆိုင်ရာမူဝါဒတွေ ချဉ်းကပ်လုပ်ဆောင်ရမယ့်ဟာတွေကို ပြင်ဆင်ထားရှိတာတွေရှိတယ်။ အဓိကကတော့ SCEF အနေနဲ့ နိုင်ငံတကာကိုစကားပြောမယ်၊ SCEF အနေနဲ့ပဲ နိုင်ငံတကာကို ချဉ်းကပ်မှုတွေကတော့ SCEF platform တွေကပဲ ရေရည်မှာ အနာဂတ်မှာ ဆက်ပြီးတော့လုပ်ဆောင်သွားမယ့်ဟာမျိုးတွေဖြစ်ပါတယ်။

မေး။ SCEF က ရှေ့ဆက် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်မှုအတွက် နိုင်ငံရေးအရ စကားပြောရတဲ့ အချိန်မှာ ဘယ်အခြေခံပေါ်မှာ ပြောမလဲ။
ဖြေ။ အခုဆိုရင် အကြမ်းဖက်စစ်အုပ်စုက တွေ့ဆုံဆွေးနွေးရေးကိစ္စတွေပြောနေတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာကလည်း ဘယ်အချိန်လောက်ဆိုစကားပြောနိုင်မလဲ၊ ဘယ်အချိန်လောက်ဆို‌ တွေ့ဆုံနိုင်မလဲဆိုတဲ့ မေးခွန်းတွေရှိတယ်။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေးတစ်ခုတည်းကတော့ နိုင်ငံရေးအဖြေရှာဖို့ နည်းလမ်းတခုတည်းတော့မဟုတ်ဘူး။

ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေးက အရေးကြီးတယ်ဆိုတာကို ကျမတို့အနေနဲ့ ယုံကြည်လက်ခံတယ်။ ပြီးမှ အခု SCEF ကလည်း တွေ့ဆုံဆွေးနွေးမှုကိစ္စတွေကို ငြင်းနေတာမဟုတ်ဘူးပေါ့နော်။ SCEF အနေနဲ့ရော၊ SCEF အောက်မှာရှိနေတဲ့ အစုအဖွဲ့တွေ အဖွဲ့အစည်းတွေကလည်း ငြင်းတာတော့မဟုတ်ဘူးပေါ့နော်။ တွေ့ဆုံဆွေးနွေးရေးကတော့ ကျမတို့ လုပ်ရမယ်။ ဒါပေမဲ့ ကျမတို့က အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေကိုတော့ သင်ခန်းစာယူရမယ်။ ဆိုတဲ့အခါကျတော့ လက်နက်ကိုင်အင်အားစုအချင်းချင်း စကားပြောလိုက်ပြီးမှ အပစ်အခတ်ရပ်စဲရေးလုပ်လိုက်တယ်။ အပစ်အခတ်ရပ်စဲရေးလုပ်လိုက်ပြီးပြီဆိုရင်တော့ ငြိမ်းချမ်းရေးစကားစပြောကြမယ် ဆိုတဲ့ပုံစံမျိုးတွေနဲ့ လုပ်ကြတာပေါ့နော်။ ဒါပေမဲ့ အဲဒီနည်းလမ်းတွေက မအောင်မြင်ခဲ့တဲ့ဟာမျိုးတွေများတယ်။ ဒါကြောင့်မို့လို့ SCEF အနေနဲ့ယုံကြည်တာကတော့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်လိုမျိုးရှိမှာပဲ၊ မူဘောင်အပေါ်အခြေခံပြီး ဆွေးနွေးနိုင်မှပဲ ကျမတို့သွားချင်တဲ့ ရှေ့အရွှေ့ကိုဆက်ပြီးရောက်မယ်လို့နားလည်တယ်။

အလုံးစုံပါဝင်တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင်အပေါ်ကနေ ရပ်တည်ပြီးမှ SCEF အနေနဲ့ အခြေခံ နိုင်ငံရေးစကားပြောတဲ့ဟာတွေကို လုပ်ဆောင်မှာဖြစ်ပါတယ်။ အဲဒီတော့ အလုံးစုံပါဝင်တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင်ကိုတော့ ကျမတို့ပြင်ဆင်နေတယ်၊ ကျမတို့ကြားထဲမှာ ညှိနှိုင်းနေတဲ့ အနေအထားမျိုးတော့ရှိတယ်။ ဆိုတော့ ဒီမူဘောင်ပေါ်မှာအခြေခံပြီးတော့ SCEF အနေနဲ့ တွေ့ဆုံစကားပြောတဲ့ဟာတွေကိုပဲလုပ်မယ်။ ဒီမူဘောင်အပေါ် လက်ခံသဘောတူနိုင်မှပဲ ဒီမူဘောင်အတိုင်း နိုင်ငံရေး roadmap တွေအတိုင်း အကောင်အထည်ဖော်နိုင်မှ တကယ့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် အဖြေရမယ်။ ပြီးမှ လက်တလောဖြစ်နေတဲ့ ပဋိပက္ခတွေအကုန်လုံးလည်း ဖြေရှင်းနိုင်မယ်လို့ ကျမတို့အနေနဲ့ အဲဒီလို ယုံကြည်ထားတာရှိတယ်။

အချုပ်အားဖြင့်ပြောမယ်ဆိုရင် ကျမတို့မှာ နိုင်ငံရေးမူဘောင်တခုကတော့လိုအပ်တယ်။ အရင်ကလိုမျိုးပဲ လက်နက်ကိုင်အချင်းချင်း စကားပြောလိုက်ကြ၊ အပစ်ခတ်ရပ်စဲကြပြီးမှ ပြီးသွားကြတဲ့ ငြိမ်းချမ်းရေးပုံစံမျိုးကတော့ ကျမတို့နိုင်ငံအတွက် အဖြေတော့မဟုတ်ဘူး။ အဲဒီတော့ ပဋိပက္ခအသွင်ကနေပြီးတော့မှ နိုင်ငံရေးအသွင်ကို ကူးပြောင်းသွားနိုင်ဖို့သာလျှင် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့တော့ ကျမတို့အနေနဲ့ ယုံကြည်လက်ခံထားတယ်ပေါ့နော်။ အဲဒီအပေါ်မှာပဲ ရပ်တည်ပြီးတော့ စကားပြောဆိုကြမှာဖြစ်ပါတယ်။

မေး။ SCEF စုဖွဲ့မှုနှင့် နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကိုလည်း အနည်းငယ်သုံးသပ်ပေးပါဦး။
ဖြေ။ SCEF ရဲ့စုဖွဲ့မှုမှာဆိုရင် မဏ္ဍိုင် ၃ ခုမှာ နောက်ဆုံးမဏ္ဍိုင်တခုကတော့ အမျိုးသမီးမဏ္ဍိုင်ဖြစ်တာပေါ့နော်။ ဆိုတော့ ဒီမှာဆိုရင် SCEF ရဲ့ယုံကြည်ချက်နဲ့နားလည်ချက်ကတော့ ဒီတောက်လျောက်မှာ အမျိုးသမီးတွေက နိုင်ငံရေးလုပ်လာခဲ့တယ်၊ ကိုယ်စားပြုလာခဲ့တယ်၊ ပြီးမှ သူတို့ရဲ့ နိုင်ငံရေးတရားဝင်မှုတွေကိုလည်း SCEF အနေနဲ့ အသိအမှတ်ပြုတယ်။ ဒါကြောင့်မို့လို့ ကျမတို့က ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့အခါမှာ အမျိုးသမီးတွေရဲ့အသံကို ချန်လှပ်ထားလို့မရဘူး။ ဒီမိုကရေစီအရကြည့်မယ်ဆိုရင် လူအများရဲ့အသံကို သယ်ပိုးရမယ့်လူတွေလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကြားထဲက ခေတ်အဆက်ဆက်ဖြစ်ခဲ့တဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ၊ ပြီးတော့ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ့် အခင်းအကျင်းမှာ အမျိုးသမီးတွေရဲ့အသံကို SCEF အနေနဲ့ နေရာပေးဖို့အတွက် SCEF ကနေပြီးတော့ အသိအမှတ်ပြုပြီး လက်ခံဖို့အတွက် ရည်ရွယ်ပြီးမှ အမျိုးသမီးမဏ္ဍိုင််ကိုလုပ်တယ်။ ဆိုတော့ SCEF တခုတည်းအတွက်ပဲမဟုတ်ဘဲနဲ့ တော်လှန်ရေးတလျောက်လုံးမှာ အမျိုးသမီးတွေရဲ့နိုင်ငံရေးပါဝင်မှု၊ အမျိုးသမီးတွေရဲ့နိုင်ငံရေးကြိုးပမ်းမှု တစုံလုံးကိုပြောခဲ့မယ်ဆိုရင် ဒီ ၂၀၂၁ တော်လှန်ရေးကာလကျမှပဲ အမျိုးသမီးတွေက နိုင်ငံရေးစလုပ်လာခဲ့ကြတာ မဟုတ်ဘူး။ ဒါပေမဲ့ individually (တစ်ဦးချင်း) နိုင်ငံရေးကိုပိုစိတ်ဝင်စားလာတဲ့သူတွေကတော့ သူ့အချိန်နဲ့သူရှိမယ်ပေါ့။

မြန်မာနိုင်ငံမှာ အမျိုးသမီးနိုင်ငံရေးသမိုင်း၊ အမျိုးသမီးနိုင်ငံရေးလုပ်ရှားမှုတွေက နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တယ်။ ဥပမာ ကိုလိုနီလက်ထက်မှာရော၊ ဂျပန်လက်ထက်မှာရော ပုံစံမျိုးစုံနဲ့ တိုင်းပြည်ရဲ့အပြောင်းအလဲဖြစ်တဲ့ ကာလတိုင်းမှာ အမျိုးသမီးနိုင်ငံရေးလှုပ်ရှားမှုကပါဝင်ခဲ့တယ်။ ဒါပေမဲ့ အသိအမှတ်ပြုခံရပြီး ဖော်ထုတ်ခဲ့တာပဲ မရှိခဲ့တာ။

ဆိုတော့ အခုတဖန် ၂၀၂၁ လူထုတော်လှန်ရေးမှာဆိုရင်လည်း အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှုက ဘက်ပေါင်းစုံနဲ့ရှိနေတယ်။ ပါဝင်မှုလည်း ပိုပြီးတော့မြင်တွေ့လာရတဲ့ပုံစံတွေရှိတယ်။ ဥပမာ မီဒီယာတွေ ပိုပြီးမှဖော်ပြတာတွေ၊ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ ပါဝင်လာတဲ့အနေအထားမျိုးတွေတော့ရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာ ပါဝင်တဲ့အခန်းကဏ္ဍကတော့ရပြီ။ ဒါပေမဲ့ ပါဝင်တိုင်းတော့ represent လုပ်လို့ရတဲ့အနေအထားတော့ မဟုတ်ဘူးပေါ့။ Represent ဆိုတာ အမျိုးသမီးတယောက်အနေနဲ့ ဒီအခင်းအကျင်းမှာရှိပေမဲ့ ဒီအခင်းအကျင်းရဲ့ နိုင်ငံရေးအရွေ့တွေ နိုင်ငံရေးဦးဆောင်မှုတွေကို ဒီအမျိုးသမီးက သယ်ပိုးနိုင်တဲ့အနေအထားမျိုးအထိကတော့ ကျမတို့အများစုက လက်ခံနိုင်တဲ့အနေအထားမျိုးတွေတော့မရှိသေးဘူး။

အဲဒီတော့ ပါဝင်ခွင့်ရတိုင်း ဆုံးဖြတ်ခွင့်ရနေတာမဟုတ်ဘူး။ နောက်တခုကတော့ ဒီအမျိုးသမီးတွေရဲ့အတွေးအခေါ်တွေ၊ နိုင်ငံရေးယူဆချက်တွေနဲ့ နိုင်ငံရေး agenda တွေကို အများကလက်ခံနိုင်ဖို့ ကျမတို့က ဆက်လက်ပြီးတိုက်ပွဲဝင်နေရသေးတယ်ဆိုတဲ့ အနေအထားမျိုးတော့ ဖြစ်ပါတယ်။ အဲဒီတော့ ပြန်ချုပ်ပြီး ပြောရမယ်ဆိုရင်တော့ အမျိုးသမီးနိုင်ငံရေး တော်လှန်ရေးလှုပ်ရှားမှုတွေက ဒီနွေဦးတော်လှန်ရေးမှာ ဖြစ်လာခဲ့တာမဟုတ်ဘဲနဲ့ သမိုင်းအဆက်ဆက် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ အမြဲတမ်းရှိခဲ့တယ်။ ဖော်ပြခြင်းပဲမခံခဲ့ရတာ၊ အသိအမှတ်ပြုခြင်းပဲ မခံခဲ့ရတာမျိုးဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမတို့က ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်ဖို့အတွက်၊ ပေါ်ထွန်းဖို့အတွက်လုပ်မယ်။

SCEF ရဲ့လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေရဲ့အသံနဲ့ အမျိုးသမီးတွေရဲ့ကိုယ်စားပြုမှုကို platform တခုဖန်တီးရခြင်းက ခေတ်အဆက်ဆက် ကွာဟခဲ့တဲ့ အတွေးအမြင်တွေ၊ ခေတ်အဆက်ဆက် လစ်ဟင်းခဲ့တဲ့၊ ပျက်ကွက်ခဲ့တဲ့ ကိစ္စတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် လမ်းစတွေထဲကတခုပဲဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ SCEF မှာလည်း အမျိုးသမီးမဏ္ဍိုင်ဆိုပြီးတော့လုပ်တာကလည်း ဒီရည်ရွယ်ချက်တွေပါတယ်။ အဲဒီတော့ ဒီအမျိုးသမီးတွေက SCEF လိုမျိုးမှာရော၊ တခြားသောအစုအဖွဲ့တွေမှာရော နိုင်ငံရေးကိုယ်စားပြုမှုတွေ ပါဝင်ခွင့်တွေကတော့ရှိနေတယ်၊ ဒါပေမဲ့ decision making လုပ်တဲ့အနေအထားမျိုးတွေမှာ ပါဝင်ခွင့်ရပြီးတော့မှ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုနဲ့ ဆုံးဖြတ်ချက်တွေက နိုင်ငံရေး agenda တွေဖြစ်လာပြီးမှ အားလုံးက ဒီအပေါ်မှာစိတ်ဆန္ဒရှိရှိနဲ့ လိုက်ပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခင်းအကျင်းတွေဖြစ်တဲ့အထိကတော့ ကျမတို့ ဆက်ပြီးတိုက်ပွဲဝင်နေရမယ့်၊ ဆက်ပြီးတွန်းရဦးမယ့်အခင်းအကျင်းတော့ ရှိနေပါသေးတယ်လို့ မြင်ပါတယ်။