Home သတင်း စီမံချက်ဖြင့် အဖမ်းကြမ်း၍ ဖားအံက လိုင်စင်မဲ့ယာဥ်အချို့ အသွားအလာရပ်နား

စီမံချက်ဖြင့် အဖမ်းကြမ်း၍ ဖားအံက လိုင်စင်မဲ့ယာဥ်အချို့ အသွားအလာရပ်နား

13
Photo: CJ

စက်တင်ဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ်စစ်အုပ်စုက လိုင်စင်မဲ့ယာဥ်များကို စစ်ဆေးဖမ်းဆီးမှုများပြားနေပြီး လိုင်စင်မဲ့မော်တော်ယာဥ်သုံးသွားလာသူများ ရပ်နားထားရကြောင်း ဖားအံမြို့တွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ဖားအံမြို့ထဲရှိ လူသွားလူလာများသည့်နေရာများတွင် စစ်အုပ်စု ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ရဲတပ်ဖွဲ့များပါ အုပ်စုဖွဲ့ဖမ်းဆီးနေကြခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။ ထိုအထဲတွင် လိုင်စင်မဲ့ယာဥ်ရော လူပါ ဖမ်းဆီးခံလိုက်ရသည့်ဖြစ်စဥ်အချို့ရှိ၍ အသွားအလာရပ်လိုက်ရသည်ဟု လှိုင်းဘွဲမှဖားအံသို့ ဈေးဝယ်အသွားအလာလုပ်သူ ယာဥ်မောင်းတစ်ဦးက ပြောသည်။

“ကားလည်းဖမ်းတယ် လူလည်းဖမ်းတယ် အဲ့လိုမျိုး၊ ကျနော့်ကားကလည်း လိုင်စင်မရှိတော့ မသွားရဲတော့ဘူး။ အဓိကက မဲဘောင်ဈေးနေရာတို့ ဖိုးလမင်းအရှေ့တို့မှာ ဖမ်းနေတာ။ မနေ့ကဆို ကားသုံးစီးရော လူတွေရော ပါသွားတယ်” ဟု အဆိုပါယာဥ်မောင်းက ပြောသည်။

ယခုတစ်ကြိမ်မတိုင်ခင်ကလည်း ဖားအံတွင် လိုင်စင်မဲ့ယာဥ်များ မကြာခဏ ဖမ်းဆီးခံရမှုရှိခဲ့ပြီး ဖြစ်စဥ်အများစုမှာ ပြည်နယ်စစ်အုပ်စုက ငွေကြေးပမာဏ အမျိုုးမျိုးတောင်းယူ၍ ရွေးယူရခြင်းရှိကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။

ဖားအံမြို့ခံတစ်ဦးက “without(လိုင်စင်မဲ့)တွေဖမ်းနေပြန်ပြီ။ များသောအားဖြင့်ကတော့ မြို့ထဲတွေဖမ်းတာများတယ်။ မီးပွိုင့်တွေ မော်တော်ပီကယ်တွေစုနေပြီဆို သတိသားထားတော့။ ဒါပေမဲ့ ဖားအံက ပတ်လမ်းတွေများတော့ ရှောင်တတ်ရင်ရှောင်လို့ရပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီအကြပ်အတည်း ဖြစ်ပွားသည့်အချိန်ကတည်းက လိုင်စင်မဲ့ယာဥ်အသုံးပြုမှုများသည့်ဖားအံမြို့တွင် တရားဝင်စက်သုံးဆီဆိုင်ကြီးများ၌ လိုင်စင်မဲ့ယာဥ်များကို ဆီဝယ်ယူခွင့် ပြည်နယ်စစ်အုပ်စုက ပိတ်ပင်ခဲ့သည်။

ထို့နောက် ဆီဆိုင်များတွင်ပါ စောင့်ဆိုင်းကာ ယာဥ်ဖမ်းဆီးမှုများ လုပ်ဆောင်နေ၍ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ် အသုံးပြုသူများ အခက်တွေ့ခဲ့ကြရသည်ဟုလည်း မြို့ခံများက ပြောသည်။