စက်တင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား (၅၀) ဦး အပါအဝင် အကျဉ်းသား (၈၀)ဦး ခန့် ပြင်ပဆေးရုံ အရေးပေါ် တက်ရောက်ကုသရန် လိုအပ်သော်လည်း တက်ခွင့် မရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ စက်တင်ဘာလ (၂၄) ရက်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်နေ့က ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှဆရာဝန်များ အကျဥ်းထောင်အတွင်း လာရောက်စစ်ဆေးမှုများပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး အကျဥ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်းကြောင့် အရေးပေါ် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ အကျဉ်းသား (၈၀) ဦးရှိနေကြောင်း PPNM က မှတ်တမ်းတင်ထားသည်။
ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား (၄) ဦးအပါအဝင် အကျဉ်းသား (၉) ဦးကိုသာ အကျဉ်းထောင်အာဏာပိုင်များက ပြင်ပဆေးရုံ တက်ရောက်ခွင့်ပေးခဲ့ပြီး ကျန်သူများ ကုသခွင့်မရသေးဟု ဆိုသည်။
ထို့အပြင် ကလေးအကျဉ်းထောင်အတွင်း အကျဉ်းသား ၁,၀၀၀ အတွက် တစ်လလျှင် ဆေးဝါးဘတ်ဂျက် ကျပ် ၁၀ သိန်းသာ ခွဲဝေပေးထားသည်။ ထို့ကြောင့် အခြေခံဆေးဝါးများမှလွဲ၍ ဆေးဝါးလုံလောက်မှု မရှိသလို နှလုံးရောဂါ၊ သွေးအန်ရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါ ခံစားနေရသူများအတွက် အရေးပေါ်အောက်ဆီဂျင်နှင့် ကုသရေးအထောက်အကူပြုပစ္စည်းများ လိုအပ်နေကြောင်းလည်း PPNM ထံမှ သိရသည်။
ကျန်းမာရေးအခြေအနေဆိုးရွားသူများကို ၁၂ မိုင်ခန့်ဝေးသည့် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခြင်းရှိသော်လည်း လုံလောက်သည့် အသက်ရှူကိရိယာများ မပါ၍ လမ်းခုလတ်၌ သေဆုံးရသည့် ဖြစ်စဉ်များရှိနေသည်ဟု ဆိုသည်။ ၎င်းအနက် အသက် (၂၅) နှစ်မှ (၃၀) နှစ်ကြား အကျဉ်းသားတစ်ဦးမှာလည်း အောက်ဆီဂျင် ပြတ်ကာ သေဆုံးခဲ့သေးသည်။
သို့ရာတွင် အကျဥ်းထောင်တာဝန်ရှိသူအဆင့်ဆင့်သည် ကျန်းမာရေးကိစ္စအတွက်ပါမချန် အကျဥ်းသူ/သားမိသားစုများထံမှ ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ လာဘ်ငွေ ကောက်ခံနေကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ငွေကြေးမတတ်နိုင်သည့် နိုင်ငံရေးအကျဉ်းသားများမှာမူ ၁ နှစ်မှ ၂ နှစ်အထိ ဆေးကုသခွင့်မရရှိဘဲ စောင့်ဆိုင်းနေကြရသည်ဟု PPNM က စုံစမ်းဖော်ထုတ်ထားသည်။
အကျဉ်းသားများ၏ အသက်ကို လျစ်လျူရှု၍ လာဘ်ငွေတောင်းခံနေသည့် လုပ်ရပ်များအတွက် စစ်အုပ်စု၊ အကျဉ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ထောင်အာဏာပိုင်တို့တွင် တိုက်ရိုက်တာဝန်ရှိကြောင်း PPNM ကထောက်ပြထားပြီး တာဝန်ခံမှုရစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှတဆင့် အသိပေးသည်။


















