Home သတင်း NUG ၏ အထူးတိုင်းစစ်ဌာနနယ်မြေအတွင်း လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်မှုရှိ

NUG ၏ အထူးတိုင်းစစ်ဌာနနယ်မြေအတွင်း လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်မှုရှိ

83
Photo: အထူးတိုင်းစစ်ဌာန (ပုံဟောင်း)

စက်တင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အထူးတိုင်းစစ်ဌာနနယ်မြေ၊ မွန်နှင့်ပဲခူးအစပ်နေရာကို ယနေ့၊ စက်တင်ဘာ (၂၄ )ရက် နံနက်ပိုင်းက စစ်အုပ်စု လေယာဥ်ဖြင့်ဗုံး(၈)လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိကြောင်း ကနဦးသိရသည်။

အထူးတိုင်းစစ်ဌာနနယ်မြေထဲသို့စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖြတ်တောက်တိုက်ခိုက်နေသည့်ကာလအတွင်း ယနေ့နံနက်(၁၁)နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု နယ်မြေအခြေစိုက်တပ်ဖွဲ့ဝင်များက အတည်ပြုထားသည်။

“ဒီနေ့မနက်ပိုင်းမှာ လာကြဲတာ ဗုံးကြီးပဲ ၈ လုံး။ အထိအခိုက်ကတော့ နည်းနည်းရှိတယ်။ မလှုပ်ရှားရဲသေးလို့ အတိအကျမသိရသေးဘူး။ ရဲဘော်(၄)ယောက်ထိတာတော့ သိရပြီ” ဟု အမည်မဖော်လိုသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ ဗုံးကြဲခံရသည့်နေရာတဝိုက် စစ်အုပ်စု၏ ကင်းထောက်ဒရုန်းများ ပျံသန်းထောက်လှမ်းနေသည့်အပြင် ဟောင်ဝစ်ဇာဖြင့်ပါ ပစ်ခတ်နေသောကြောင့် နယ်မြေအခြေအနေ ရှုပ်ထွေးနေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်ကိုလည်း ကေအိုင်စီက သီးခြားအတည်ပြုလျက်ရှိသည်။

အထူးတိုင်းစစ်ဌာန၏တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင်မူ ဖြစ်စဥ်အပေါ် တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း စစ်အုပ်စု ထိန်းချုပ်ထားသည့် တပ်လော်ဘီတယ်လီဂရမ်များက ရွှေကျင်နှင့်ကျိုက်ထိုအစပ်ရှိ အထူးတိုင်းစစ်ဌာနချုပ်နေရာကို လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဖြန့်နေကြသည်။