Home သတင်း သဲဖြူချောင်းတောင်ကျောမှာ စစ်အုပ်စုထိုးစစ်ဆင်လာ၊ KNLA မဟာမိတ်တပ် ဖြတ်တိုက်၍ တိုက်ပွဲပြင်းထန်

သဲဖြူချောင်းတောင်ကျောမှာ စစ်အုပ်စုထိုးစစ်ဆင်လာ၊ KNLA မဟာမိတ်တပ် ဖြတ်တိုက်၍ တိုက်ပွဲပြင်းထန်

11
Photo: SAC, ကျားသစ်နက်စစ်ကြောင်း (ပုံဟောင်းများ)

သြဂုတ် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက်တောင်ကျောနေရာကို စစ်အုပ်စု ထိုးစစ်ဆင်လာ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်များက ဖြတ်တောက်တိုက်ခိုက်လျက်ရှိရာ သြဂုတ်လ (၂၇) ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

လေးကေကော်အထက်ပိုင်း ကျောက်တောင်ကျောမှတစ်ဆင့် ဝါးဘိုးကျောက်တောင်ကျောကို စစ်အုပ်စု ကျော်လွန်တက်ရောက်လာခြင်းဖြစ်ပြီး လေကြောင်းနှင့် လက်နက်ကြီးဖြင့်လည်း ဆက်တိုက်ပစ်ကူပေးနေသည်။ ထို့နောက် သဲဖြူချောင်းတောင်ကျောနေရာသို့ ဆက်လက်ထိုးစစ်ဆင်လာရာ KNLA မဟာမိတ်တပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန် နေသည်ဟု တော်လှန်ရေးတပ်ဘက်က ပြောသည်။

“သဲဖြူချောင်းဘက်ကို တိုးလာတာ စစ်ကြောင်း(၃)ခုလောက်ရှိတယ်။ ကိုယ့်ဘက်က စစ်ဂွင်ကျယ်ကျယ်ဖြန့်ပြီး ဖြတ်တိုက်နေတော့ သူတို့က လက်နက်ကြီးပစ်ကူ၊ လေယာဉ်ဗုံးကြဲပစ်ကူတွေနဲ့ တက်လာလို့ တိုက်ပွဲပြင်းနေတာ (၃)ရက်ရှိပြီ” ဟု KNLA မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကရင်စစ်ရေးသတင်းအရင်းအမြစ် ပြောပြချက်အရ စစ်အုပ်စုသည် လေးကေကော်နောက်တန်း ကွပ်ကဲရေးစခန်းမှတစ်ဆင့် ရှေ့တန်းစစ်ကြောင်းများထံ စစ်ကူနှင့် လက်နက်ခဲယမ်းများ ဆက်တိုက်ပို့ဆောင်ပေးနေခြင်းရှိသည်။ ထို့အပြင် တိုက်ပွဲအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင်သစ်အချို့ KNLA မဟာမိတ်တပ်များထံ ထွက်ပြေးခိုလှုံလာမှုများလည်း ရှိကြောင်း သိရသည်။

Photo: SAC, ကျားသစ်နက်စစ်ကြောင်း (ပုံဟောင်းများ)

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်သားသစ်တွေ ဒီဘက်ကို ပြေးလာတာရှိတယ်။ တိုက်ပွဲကတော့ တောင်ပေါ်မှာ ပစ်ခတ်နေတာဆိုတော့ နှစ်ဖက်လုံး အထိအခိုက် ရှိတယ်။ လက်နက်ကြီးလည်း နေရာစုံက ပစ်နေတော့ မိနစ်ခြားပြီး ကျနေတာ” ဟု ကေအိုင်စီကို ပြောသည်။

စစ်အုပ်စုသည် ဖလူး-ဝေါလေ လမ်းပိုင်းကို ထိန်းချုပ်ရန်၊ ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် စခန်းကုန်းများ ရရှိရန်နှင့် နယ်စပ်တွင် တပ်ရင်း၊ တပ်စခန်းများ တိုးချဲ့အထိုင်ချနိုင်ရေးအတွက် နယ်စပ် မြဝတီတောင်ဘက်ဒေသကို တစ်နှစ်ကျော်ကြာ စစ်ဆင်ရေးပြုလုပ်နေခြင်းဖြစ်သည်။

သို့ရာတွင် ယခု ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိ KNLA မဟာမိတ်တပ်များက နယ်မြေအတွင်း အခိုင်အမာခြေကုပ်ယူထားနိုင်ပြီး စစ်အုပ်စုတက်သမျှလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်နိုင်ခြင်းကြောင့် စစ်အုပ်စုရည်ရွယ်ချက်အထမမြောက်နိုင်သေးသလို ရှေ့ဆက်တိုးနိုင်ခြင်းလည်း မရှိသေးကြောင်း စစ်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။