Home သတင်း မဲဆောက်တွင် ၁ လလျှင် ၂၀ ရာခိုင်နှုန်း အတိုးယူ၊ တရားမဝင် ငွေချေးသူ မြန်မာအမျိုးသမီးကို ဆိုက်ဘာရဲတပ်ဖွဲ့ ဖမ်းဆီး

မဲဆောက်တွင် ၁ လလျှင် ၂၀ ရာခိုင်နှုန်း အတိုးယူ၊ တရားမဝင် ငွေချေးသူ မြန်မာအမျိုးသမီးကို ဆိုက်ဘာရဲတပ်ဖွဲ့ ဖမ်းဆီး

8
Photo: Social Media

ဩဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် တစ်လလျှင် ၂၀ ရာခိုင်နှုန်း ငွေတိုးကောက်ခံကာ တရားမဝင် ငွေချေးလုပ်ငန်းလုပ်ကိုင်သူ အသက် (၅၁) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ယနေ့၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ထိုင်းဆိုက်ဘာမှုခင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ထိုင်းနိုင်ငံ၊ အမှတ် (၄) ဆိုက်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဗျူရို (CCIB) က မဲဆောက်မြို့တွင် လူမှုကွန်ရက် ဖေ့စ်ဘွတ်မှတစ်ဆင့် ထိုင်းနိုင်ငံက ဥပဒေအရသတ်မှတ်ထားသည့် အတိုးနှုန်းထက် ပိုမိုကောက်ခံကာ ငွေတိုးချေးပေးနေသည့် လုပ်ငန်းများကို စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များ၏ ကွင်းဆက်စုံစမ်းမှုအရ အဆိုပါတရားမဝင် ငွေချေးလုပ်ငန်း လုပ်ကိုင်သူမှာ ပန်းရောင်ကတ် ကိုင်ဆောင်၍ မဲဆောက်မြို့၊ မယ်ပကျေးရွာအုပ်စု၊ အမှတ် (၁၀) ရွာတွင် နေထိုင်သည့် မြန်မာအမျိုးသမီးဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများအပြင် ထိုင်းနိုင်ငံသားများကိုပါ ၎င်းက အတိုးကြီးကြီးဖြင့် ငွေတိုးချေးပေးနေကြောင်း သိရသည်။

မဲဆောက်တရားရုံး၏ ဖမ်းဝရမ်းဖြင့် သွားရောက်ဖမ်းဆီးစဉ် အဆိုပါ မြန်မာအမျိုးသမီးနှင့်အတူ ချေးငွေစာရင်း လယ်ဂျာစာအုပ် ၃ အုပ်၊ သဘောတူညီချက် စာချုပ် ၁ စောင်နှင့် ငွေသား ဘတ် ၆၃,၇၀၀ တို့ကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။

Photo: Social Media

ထို့အပြင် ဖမ်းဆီးခံရသူ၏ထွက်ဆိုချက်အရ ငွေချေးလုပ်ငန်းတွင် လည်ပတ်နေသည့် ငွေကြေးများကို ထိုင်းနိုင်ငံသားတစ်ဦးထံမှ ရရှိထားခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်က ဖော်ပြသည်။

လက်ရှိ သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ၊ လိုင်စင်မရှိဘဲ တရားမဝင် ငွေချေးလုပ်ငန်း လုပ်ကိုင်မှု၊ ထိုင်းနိုင်ငံကချမှတ်ထားသည့် ဥပဒေအတိုင်းအတာထက် အတိုးနှုန်း ပိုမိုကောက်ခံမှုတို့ဖြင့် ၎င်းအမျိုးသမီးအား အရေးယူနိုင်ရန် အာဏာပိုင်များက မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားသည်။

ထို့အတူ တရားမဝင်လုပ်ငန်းတွင် ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ အကျိုးခံစားခွင့်ရှိသူများကို ဆက်လက်စုံစမ်းဖော်ထုတ်၍ ဥပဒေအရ ထပ်မံအရေးယူဆောင်ရွက်သွားမည်ဟုလည်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၏ Civil and Commercial Code အရ တရားဝင်သတ်မှတ်ထားသော အများဆုံးအတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၅ ရာခိုင်နှုန်း ဖြစ်သည်။ ယင်းထက်ကျော်လွန်သော အတိုးနှုန်းဖြင့် ငွေချေးခြင်းအပေါ် တရားမဝင် ဟုသတ်မှတ်၍ ချေးငွေပေးသူကိုလည်း တရားစွဲဆိုနိုင်ကြောင်း သိရသည်။