Home သတင်း ဘုရားသုံးဆူဒေသတွင် လူငယ်များအကြား မူးယစ်ဆေးဝါးနှင့် KTV အပျော်အပါး ပိုမိုစွဲလမ်းလာဟု ဒေသခံများပြော

ဘုရားသုံးဆူဒေသတွင် လူငယ်များအကြား မူးယစ်ဆေးဝါးနှင့် KTV အပျော်အပါး ပိုမိုစွဲလမ်းလာဟု ဒေသခံများပြော

14

ဩဂုတ် ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသည့် လူငယ်များအကြား မူးယစ်ဆေး ဝါးသုံးစွဲမှုနှင့် KTV၊ ဂိမ်းရုံများတွင် အပျော်အပါးလိုက်စားမှုများ ပိုမိုများပြားလာသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဘုရားသုံးဆူဒေသတွင် တရားဥပဒေစိုးမိုးရေး အားနည်းလာသည့်အပြင် အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းများနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများ ပိုမိုဝင်ရောက်လာခဲ့ပြီး ယင်းလုပ်ငန်းများနှင့်အတူ မူးယစ်ဆေးဝါး၊ ခိုးယူလုယက်မှုနှင့် လူသတ်မှုကဲ့သို့သော ဒုစရိုက်မှုများလည်း ပိုမိုအဖြစ်များလာကြောင်း မြို့ခံများထံမှ သိရသည်။

ယခင်က ဘုရားသုံးဆူဒေသတွင် မူးယစ်ဆေးဝါးအဖြစ် စိတ်ကြွဆေးပြားများသာ အဓိကတွေ့ရှိရ သော်လည်း လက်ရှိတွင် Happy Water နှင့် K (Ketamine) ကဲ့သို့သော မူးယစ်ဆေးဝါးများအပြင် KTV နှင့် ဂိမ်းရုံများလည်း ပိုမိုများပြားလာသည်ဟု ဒေသခံများက ပြောသည်။

ဘုရားသုံးဆူမြို့ခံ အမျိုးသမီးတစ်ဦးက “အနော(အစ်မ)တို့ သုံးဆူမှာ နေလာတာ ဟိုး ကလေးဘဝတုန်းကပေါ့။ အရင်တုန်းက မူးယစ်ဆေးဝါး ရောင်းတယ်ဆိုတာ သုံးဆူမှာက မြင်းဆေးဆိုတာ အဆိုးဆုံးပဲ ရောင်းခဲ့တယ်။ ဒီလိုမျိုး ခိုးယူမှု၊ လူသတ်မှုတွေ မရှိဘူး။ နောက်ပိုင်းကျတော့ ငါးဂိမ်းတွေ ရောက်လာတော့ လူတွေက ပျက်စီးတယ်၊ KTV တွေ ဖျက်ဆီးတယ်။ အဲ့ဒီမူးယစ်ဆေးဝါးထက်၊ ဒီမြင်းဆေးထက် စွဲလမ်းတာက ဒီ KTV တို့ ဘာတို့ပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ စားဝတ်နေရေးအခက်အခဲနှင့် အလုပ် အကိုင်ရှားပါးမှုတို့ကြောင့် အသက် ၁၃ နှစ်မှ ၁၆ နှစ်အတွင်း လူငယ်တချို့သည် ကျောင်း ဆက်မတက်နိုင်တော့ဘဲ KTV နှင့် ဂိမ်းရုံများတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ရာမှ အပေါင်းအသင်းမှား ယွင်းပြီး မူးယစ်ဆေးဝါးသုံးစွဲသည့် လမ်းကြောင်းသို့ ရောက်ရှိလာကြသည်ဟု ဒေသခံများက ဆိုသည်။

“အထူးသဖြင့် အမျိုးသမီးငယ်တွေ ၁၄၊ ၁၅၊ ၁၆ ဝန်းကျင်တွေ။ ဆေးသုံးတာတွေကတော့ တခြားမြို့ ကလာတဲ့ ဧည့်သည်တွေက ယူလာပြီး သုံးစွဲကြတာများတယ်။ ဒီလူတွေက အပြင်ကဧည့် သည်တွေ လာတာအများကြီးပဲ၊ အဲ့လိုမျိုး ရှုပ်နေတာပဲ။ ဆေးတွေ လာရောင်းတယ်၊ ဒီမူးယစ်ဆေး တွေက လည်း လူကြီးတွေ မယူလာရင် ဘယ်သူ့ဆီမှာမှ မရှိဘူး” ဟု ဘုရားသုံးဆူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးများသည် ဒေသတွင်းထုတ်လုပ်ခြင်းမဟုတ်ဘဲ အခြားဒေသများမှ ဝင်ရောက် လာခြင်းဖြစ်ပြီး ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အာဏာပိုင်များအချို့က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများတွင် ပါဝင်နေသည်ဟုလည်း မြို့ခံများက သုံးသပ်ပြောဆိုကြသည်။

ယခု ဒေသခံများ၏ ပြောဆိုချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများထံ ဆက်သွယ်မေးမြန်းထားသော်လည်း သတင်းရေးသားချိန်အထိ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

လက်ရှိ ဘုရားသုံးဆူနယ်စပ်ဒေသတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့အစည်းများက သက်ဆိုင်ရာ နယ်မြေအလိုက် ထိန်းချုပ်လှုပ်ရှားနေကြသည်ဟု သိရသည်။

ဒေသခံများအနေဖြင့် ကျားဖြန့်လုပ်ငန်းများနှင့်အတူ မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် ဒုစရိုက်မှုများ ပိုမိုများပြားလာခြင်းကို စိုးရိမ်နေကြပြီး အထူးသဖြင့် အသက်မပြည့်သေးသည့် လူငယ်များအပေါ် သက်ရောက်မှုများကြောင့် မိဘများနှင့် လူမှုအဖွဲ့အစည်းများအကြား စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာကြောင်း သိရသည်။