ဩဂုတ် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး၏အမိန့် ယမန်နေ့ ဩဂုတ်လ(၂၈)ရက်က အသက်ဝင်လာခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စစ်အုပ်စုလက်ထဲ ရောက်သွားနိုင်ခြေများသည့်အရေး အလုပ်သမားအရေး ဆောင်ရွက်နေသူများက စိုးရိမ်နေကြသည်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် ကိုယ်တိုင်လက်မှတ်ထိုးကာ အဆိုပါစည်းမျဉ်းဥပဒေကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်၊ စီးပွားရေးလုပ်ကိုင်ခြင်း၊ အစိုးရ စာရွက်စာတမ်းများကို အတုပြုလုပ်ခြင်း တို့အပါအဝင် ထိုင်းနိုင်ငံရှိ ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးနိုင်သည့် အမျိုးအစားများကိုပါ ထုတ်ပြန်လာခြင်းဖြစ်သည်။
ပြစ်မှုချိုးဖောက်သည့် နိုင်ငံခြားသားများ မိခင်နိုင်ငံ ပြန်ပို့ခံရသည့်အချိန်တွင် ၎င်းတို့အစိုးရမှ အကာအကွယ်ပေးနိုင်သော်လည်း မြန်မာရွေ့ပြောင်းအလုပ်သမားများအတွက်မူ အကာအကွယ်ရနိုင််မှုနည်းပြီး စစ်အုပ်စု၏ စစ်မှုထမ်းစေခိုင်းခံရနိုင်ကြောင်း ရခိုင်ရွေ့ပြောင်းအလုပ်သမားအဖွဲ့ Arakan Workers Organization (AWO) က ဆိုသည်။
၎င်းက “တစ်ခြားနိုင်ငံမှာက လုံခြုံမှုရှိတယ် ဥပဒေစိုးမိုးမှုရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီးကည်းက စစ်မှုမထမ်းမနေရကိစ္စတွေ၊ ပြည်တွင်းထဲ ပြန်သွားတဲ့အခါမှာ ကားပေါ်ကနေ ဆွဲဖမ်းတာတွေ၊ ငွေညစ်တာတွေရှိတော့ ဒီရွှေ့ပြောင်းအလုပ်သမားတွေ စစ်တပ်ထဲ ပြန်ရောက်သွားနိုင်ချေများလာမယ်” ဟု အဖွဲ့ ဒါရိုက်တာ နိုင်အောင်အောင်က ပြောသည်။
ထို့အပြင် ထိုင်းအစိုးရ၏ ပြည်နှင်ဒဏ်ဥပဒေသစ်ကို အကြောင်းပြု၍ နှစ်နိုင်ငံ အစိုးရဝန်ထမ်းအချို့ကြား လာဘ်ပေးလာဘ်ယူမှု များလာနိုင်ကြောင်းလည်း AWO က ထောက်ပြသည်။
နိုင်အောင်အောင်က ဆက်လက်၍ “အခုတောင် နယ်စပ်နေရာတွေမှာ ဖမ်းရင် အထောက်အထားမရှိတာကို သိပ်မမေးဘူး။ မင်းတို့ကို မြန်မာနိုင်ငံပို့လိုက်ရင် မြန်မာ စစ်တပ်က မင်းတို့ကိုဖမ်းလိမ့်မယ်၊ စစ်မှုထမ်းခိုင်းမယ် အဲ့ဒီလိုခြိမ်းခြောက်မှုတွေ ရှိတယ်။ ဒီဥပဒေ အတည်ပြုတဲ့အခါကျတော့ ဒါကို အကြောင်းပြပြီး နှစ်နိုင်ငံစလုံးက လာဘ်ပေးလာဘ်ယူတွေရှိလာနိုင်တယ်” ဟု ကေအိုင်စီကို ပြောသည်။
နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေကိုမြှင့်တင်ရန် ပြီးခဲ့သည့် ဇွန်လ(၁၆)ရက်နေ့က ထိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်အား အစိုးရအဖွဲ့က တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတင်ပြချက်အရ ပြည်နှင်ဒဏ်ပေးမှုပိုမိုမြန်ဆန်လာရေးကို ရည်ရွယ်သည့် စည်းမျဥ်း(၆)ချက်ကို ဇူလိုင်လ(၁၄)ရက်နေ့တွင် အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။
ထို့နောက် ယမန်နေ့တွင် ဥပဒေ စတင်အသက်ဝင်လာခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့်မူ စည်းမျဉ်းဥပဒေနှင့်အညီ ဝင်ရောက်လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားများကို ကြိုဆိုနေကြောင်းလည်း တပါတည်း ထုတ်ပြန်ဖော်ပြသည်။


















