Home သတင်း ဂျပန်နိုင်ငံတွင် ကျင်းပသည့် ကရင့်အာဇာနည်နေ့အခမ်းအနား ကေအဲန်ယူ ဥက္ကဌနှင့် SCEF ကိုယ်စားလှယ်များ တက်ရောက်

ဂျပန်နိုင်ငံတွင် ကျင်းပသည့် ကရင့်အာဇာနည်နေ့အခမ်းအနား ကေအဲန်ယူ ဥက္ကဌနှင့် SCEF ကိုယ်စားလှယ်များ တက်ရောက်

19
Photo: OKOJ

ဩဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဂျပန်နိုင်ငံတွင် ယမန်နေ့ ဩဂုတ်လ(၉)ရက်နေ့က ကျင်းပခဲ့သည့် (၇၆)ကြိမ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားသို့ ကေအဲန်ယူ-ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း 𝐎𝐯𝐞𝐫𝐬𝐞𝐚𝐬 𝐊𝐚𝐫𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐉𝐚𝐩𝐚𝐧 (𝐎𝐊𝐎𝐉) မှ သိရသည်။

OKOJ က ဦးဆောင်ကျင်းပသည့်အဆိုပါအခမ်းအနားကို တိုကျိုမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပဒိုစောကွယ်ထူးဝင်းအပါအဝင် ကေအဲန်ယူ နိုင်ငံခြားရေးဌာန အတွင်းရေးမှူး ပဒိုစောနင်မရော့၊ SCEF အဖွဲ့ဝင်ကိုယ်စားလှယ် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC မှ ဒေါ်ဇူးပဒုမ္မာ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-KNPP မှ ဒေါက်တာ နေးနဲပလိုနှင့် NUG ဝန်ကြီးများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ အရပ်ဖက်အဖွဲ့များ၊ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ဩဂုတ်လ ဒုတိယအပတ်အတွင်း ဂျပန်သို့ရောက်ရှိနေသည့် ကေအဲန်ယူပါဝင်သော SCEF ကိုယ်စားလှယ်အဖွဲ့မှာ ကရင့်အာဇာနည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အခမ်းအနားတွင် ပါဝင်ကြခြင်းလည်းဖြစ်သည်။

OKOJ ၏ မှတ်တမ်းဓာတ်ပုံများအရ အခမ်းအနားတွင် တက်ရောက်လာသည့်ခေါင်းဆောင်များမှ ကရင့်အာဇာနည်နေ့အမှတ်တရ ဂုဏ်ပြုအမှာစကား‌‌ ပြောကြားခြင်းနှင့် အာဇာနည်ခေါင်းဆောင် စောဘဦးကြီး ရုပ်ပုံအား အလေးပြုဦးညွှတ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

Photo: OKOJ

ကရင်အာဇာနည်တို့၏ ပေးဆပ်အနစ်နာခံမှုများကို ဂုဏ်ပြုအောက်မေ့ကြသလို မျိုးဆက်သစ်များအနေဖြင့်လည်း အာဇာနည်များ၏ ရဲရင့်မှု၊ ဇွဲလုံ့လနှင့် အမျိုးသားရေးစိတ်ဓာတ်ကို ဆက်လက်သယ်ဆောင်သွားနိုင်ကြရန်လည်း OKOJ က ဆိုသည်။

ယမန်နေ့က အခမ်းအနားသို့ SCEF ကိုယ်စားလှယ်များအပြင် ဂျပန်နိုင်ငံရောက် ကရင်လူမျိုးများနှင့် အခြားတိုင်းရင်းသားညီအစ်ကိုများ စုစုပေါင်း (၅၀)ဦးထက်မနည်း တက်ရောက်ပါဝင်ခဲ့ကြခြင်းရှိသည်။

စောဘဦးကြီး၏ သမိုင်းဝင်မူ (၄) ချက်ကို အမျိုးသားညီလာခံတွင် ရေးသားပြီးနောက် ၁၉၅၀ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့၌ နဘူးမှထွက်ခွာလာရာ ထိုကော့ကိုးရွာအနီးတွင် ကော်ခိုစောဘဦးကြီးနှင့် ဗိုလ်ချုပ် စောစန်းကေ တို့အဖွဲ့သားများ ရန်သူဝိုင်းဝန်းတိုက်ခိုက်မှုကို အသက်ပေးခုခံသွားကြရာမှ ကရင့်အာဇာနည်နေ့ ပေါ်ပေါက်လာသည်။

ထိုသို့ဖြင့် ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် နှစ်စဥ် ဩဂုတ်လ(၁၄)ရက်နေ့ရောက်တိုင်း တော်လှန်ရေးကာလတစ်လျှောက် စွန့်လွှတ်အနစ်နာခံခဲ့သူများကို ဂုဏ်ပြုအောက်မေ့ခြင်းအားဖြင့် ကရင့်အာဇာနည်နေ့အခမ်းအနားများ ပြုလုပ်ကျင်းပခဲ့ကြသည်။

Photo: OKOJ