Home သတင်း Rays of Youth နှင့် YEC Tak တို့ ပူးပေါင်း၍ မဲဆောက်တွင် ဖန်တီးမှုနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာပြပွဲပြုလုပ်ခဲ့

Rays of Youth နှင့် YEC Tak တို့ ပူးပေါင်း၍ မဲဆောက်တွင် ဖန်တီးမှုနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာပြပွဲပြုလုပ်ခဲ့

18

ဩဂုတ်လ ၂၃ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

မြန်မာရွှေ့ပြောင်း နှင့် ဒေသတွင်း လူငယ်များ၏ စွမ်းဆောင်ရည်များကို ပြသလိုသော ရည်ရွယ် ချက်ဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် Vocational and Entrepreneurship Fair (2026) အစီအစဉ် တစ်ခုကို မဲဆောက်မြို့က Robinson ကုန်တိုက်မှာ ဩဂုတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ အထိ ၃ ရက်တာပြုလုပ်ခဲ့သည်။

မဲဆောက်အခြေစိုက် Help Without Frontiers Thailand Foundation ၏ လူငယ်စွမ်းရည်မြှင့်တင်ရေးဌာန တစ်ခုဖြစ်သည့် Rays of Youth အဖွဲ့ သည် YEC Tak (တာခ်ခရိုင် ကုန်သည်ကြီးများအသင်းမှ လူငယ်စီးပွားရေးလုပ်ငန်းရှင်များ)နှင့် Robinson Life Style Mae Sotတို့၏ ပူးပေါင်းပံ့ပိုးမှုဖြင့် အဆိုပါ အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၃ ရက်တာပြုလုပ်သည့် အစီအစဉ်တွင် လူငယ်များ ကိုယ်တိုင် ပြုလုပ်ဖန်တီးထားသော ထုတ်ကုန် နှင့် ဝန်ဆောင်မှုများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ပြသခဲ့သည်။

ထို့အပြင် ရွှေ့ပြောင်းကျောင်းသူ၊ ကျောင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု အကအလှများအပြင် မိသားစု တစ်ခုလုံး ပါဝင်ဆင်နွဲနိုင်သည့် လှုပ်ရှားမှု အစီအစဉ်များလည်း ပါဝင်ခဲ့သည်။

ဆက်လက်ပြီး အစီအစဉ်သို့ ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများကို ဖိတ်ခေါ် ခဲ့ပြီး ပါဝင်တက်ရောက်လာသူများအနေဖြင့် အဆိုပါလုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်သည့် အစီ အစဉ်များလည်း ထည့်သွင်းခဲ့သည်။

ယခုပြုလုပ်သည့် အစီအစဉ်သည် Rays of Youth, YEC Tak နှင့် Robinson Life Style Mae Sotတို့ ပူးပေါင်းပြီး ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။