Home တွေ့ဆုံမေးမြန်းခန်း MMA Fighter စောသွီးသောင့်ဝေါ် (ခ) Mighty Saw နှင့် တွေ့ဆုံမေးမြန်းခြင်း

MMA Fighter စောသွီးသောင့်ဝေါ် (ခ) Mighty Saw နှင့် တွေ့ဆုံမေးမြန်းခြင်း

9

“နောက်ခံမရှိပေမဲ့ ဒီလမ်းကြောင်းပေါ် ရောက်လာပြီဖြစ်လို့ ကမ္ဘာကျော် Fighter ဖြစ်တဲ့အထိ လက်မလျှော့ဘဲ ရအောင် ကြိုးစားမှာပါ”

MMA Fighter စောသွီးသောင့်ဝေါ် (ခ) Mighty Saw နှင့် တွေ့ဆုံမေးမြန်းခြင်း

ဩဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ဇာတိ ဖြစ်တဲ့ စောသွီးသောင့်ဝေါ် (ခ) Mighty Saw သည် ဂျပန်နိုင်ငံသို့ ရောက်ရှိပြီးနောက် Professional MMA Fighter တစ်ဦးဖြစ်လာရန် အလုပ်နှင့် လေ့ကျင့်ရေးကို တစ်ဖက်တစ်လမ်းမှ ရုန်းကန်လုပ်ဆောင်နေသူတစ်ဦးဖြစ်သည်။ သူ၏MMA ခရီးလမ်း၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်မည့် သူ၏ရည်မှန်းချက်များကို သိရှိနိုင်ရန် ကေအိုင်စီ က တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

မေး။ Mighty Saw လို့ လူအများ မသိခင် ကိုယ့်အကြောင်းကိုယ် ပြောပြပေးပါဦး။
ဖြေ။ မြန်မာနိုင်ငံမှာတော့ ကျနော် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်မှာ နေပါတယ်။ ရွာမှာနေတုန်းကတော့ ကျောင်းတက်တယ်။ ကျောင်းပြီးတော့ ဂျပန်ကိုလာတယ်။ ရွာမှာ ဘာမှမလုပ်ဘူး။ အိမ်မှာ အမေ့လယ် နည်းနည်းပါးပါး ဝိုင်းကူတယ်။ ပြီးရင် ကျောင်းတက်၊ အဲဒါပဲ ရှိတယ်။ ဂျပန်ရောက်ပြီး ၃ နှစ်ကြာမှ MMA စပြီး ကစားဖြစ်တယ်။ ဂျပန်မှာ ဆောက်လုပ်ရေး အရင် ၃ နှစ်လုပ်ပြီးမှ တိုကျိုကို ပြောင်းလာတာပါ။ ရွာက သူငယ်ချင်းတစ်ယောက် တိုကျိုမှာ ရှိတယ်လေ။ သူကတစ်ဆင့် ဧရာဝတီက ကရင်လူမျိုးတစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ သူက ကျနော့်ထက် စီနီယာကျတယ်။ သူအရင်ဆော့တာ။ ကျနော့်ရွာသားနဲ့ အဆက်အသွယ်လုပ်ပြီးတော့ ကျနော်လည်း MMA ဆော့ချင်တယ်ပြောပြီး ဆောက်လုပ်ရေးအလုပ် ၃ နှစ်လုပ်တာ ထွက်လိုက်တယ်။ ပြီးတော့ တိုကျိုဘက် ပြောင်းလာပြီး ၂၀၂၃ မှ စဆော့ဖြစ်တာပါ။

မေး။ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို သွားရောက်ပြီး MMA Fighter တစ်ယောက်အဖြစ် အသက်မွေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အဓိက အကြောင်းရင်းက ဘာလဲ။ ဘယ်လိုအခက်အခဲတွေကြားက ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာလဲ။
ဖြေ။ MMA က မြန်မာနိုင်ငံမှာ ဆော့တဲ့သူ နည်းတယ်လေ။ ကျနော်လည်း MMA စသိတာ ကိုအောင်လတို့ အကြောင်းလည်း ပါတယ်။ အစကတော့ အများကြီး မသိပါဘူး။ ရွာမှာနေတုန်းကတော့ လက်ဝှေ့တွေ ထိုးဖူးတယ်။ ဒီဂျပန်ရောက်တော့ MMA ဆော့ဖို့ ဆန္ဒ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်က ပိုးနည်းနည်းလည်း ပါနေတော့ အစက Kick Boxing တော့ ဆော့ချင်တယ်။ အဲဒီဘက်မှာ အဆက်အသွယ်မရှိဘူး။ ဒီဘက် MMA မှာ အဆက်အသွယ်ရှိလို့ ကျနော်လည်း ကိုယ့်နိုင်ငံမှာ ဒါဆော့တဲ့သူနည်းတော့ ဒီဘက်ကို ရွေးချယ်ဖြစ်လိုက်တာပါ။

မေး။ အခု လျှောက်လှမ်းနေတဲ့ MMA ခရီးလမ်းက ဘယ်အခြေအနေထိ ရောက်နေပြီလဲ။
ဖြေ။ အခုကတော့ Professional ကတော့ တက်နေပြီပေါ့နော်။ ဂျပန်မှာတော့ ဘယ်လိုပြောရမလဲ Professional မတက်ခင် အပျော်တမ်းအဆင့်မှာ ရှိတယ်လေ။ ကျနော်ကတော့ အပျော်တမ်းအဆင့်မှာ (၁၀) ပွဲ၊ (၁၁) ပွဲလောက် ထိုးရတယ်။ ဒီမှာထိုးရင် ပိုက်ဆံမရဘူး။ ပိုက်ဆံပေးပြီး ထိုးရတာ။ ဒီနှစ်ထဲပဲ Professional ဒုတိယမြောက် ပွဲရှိပြီပေါ့နော်။

မေး။ UFC စင်မြင့်ထက်ကို တက်လှမ်းနိုင်ဖို့အတွက် လက်ရှိမှာ ဘယ်လို Ranking မျိုး၊ ဘယ်လိုပွဲစဉ်မျိုးတွေကို ကျော်ဖြတ်ဖို့ လုပ်နေပြီလဲ။
ဖြေ။ UFC တက်လှမ်းဖို့တော့ ဘယ်လိုပြောရမလဲ အခု ကျနော်က အလုပ်တစ်ဖက်နဲ့ တော်တော်လေး ရုန်းရဦးမယ်။ အဓိက အဲဒါတက်ဖို့ဆိုရင် အနောက်က Support ပေးတာ အများကြီးလိုတယ်။ ဒီမှာ အလုပ်တစ်ဖက်နဲ့ နားချိန်လည်း သိပ်မရဘူး။ UFC တက်လှမ်းနိုင်ဖို့ဆိုရင် တော်တော်လေး ကြိုးစားရမယ်။ တကယ်လို့ အဖွဲ့အစည်းမှာ ချန်ပီယံ ဖြစ်ခဲ့ရင်တောင် UFC တန်းသွားလို့ မရသေးဘူး။ တစ်ဆင့်ရှိသေးတယ်။ အဲဒီမှာ ဝင်ခွင့်သဘောပေါ့နော်။ ဝင်ခွင့်ရမှ UFC မှာ စာချုပ် ချုပ်ရမှာ။

အခုကတော့ UFC တန်းမသွားဘဲနဲ့ ဒီမှာတော့ လိုင်စင်နဲ့လည်း ထိုးလို့ရတယ်။ UFC ဆိုရင် Level တွေ တအားမြင့်တယ်။ ကစားသမားတွေ တအားကောင်းတယ်။ ကမ္ဘာ့အဆင့်မီ Fighter သက်သက်ပဲဆိုတော့ ဘယ်လိုပြောရမလဲ ကိုယ်က Training မပြည့်ဘူးလေ။ အများကြီး လိုတယ်။ Boxing ပိုင်း၊ Step ပိုင်း အများကြီးလိုတယ်။ Training အချိန်ပြည့် လုပ်လို့ရမှ UFC သွားလို့ ရမှာပေါ့နော်။ ကိုယ်က Training မပြည့်ရင် ဝင်တိုးလို့ မရဘူး။

မေး။ ဂျပန်လို နိုင်ငံမျိုးမှာ နေထိုင်စရိတ်နဲ့ လေ့ကျင့်ရေးစရိတ်တွေအတွက် ဘယ်လိုရုန်းကန်ရသလဲ။ လက်ရှိမှာ ကူညီထောက်ပံ့ပေးနေတဲ့ Sponsor (သို့မဟုတ်) အဖွဲ့အစည်းတွေ ရှိပြီလား။
ဖြေ။ အခုကတော့ မနက်ပိုင်း အလုပ်လုပ်တယ်။ မနက် (၈) နာရီကနေ ညနေ (၄) နာရီထိ အလုပ်လုပ်တယ်။ ပြီးရင် ည (၇) နာရီကနေ (၁၂) နာရီအထိလောက် Training လုပ်တယ်။ စပွန်ဆာကတော့ ပေးတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ကျနော့်ကို လတိုင်း Training အသုံးစရိတ် ပံ့ပိုးပေးတဲ့ စပွန်ဆာရှိတယ်။ ဒီဂျပန်မှာ တိုကျိုက အသုံးစရိတ် အရမ်းကြီးတယ်။ အခွန်လည်း ဆောင်ရတယ်။ အိမ်လခလည်း စျေးကြီးတယ်။ တခါတလေ တချို့လဆို အသုံးစရိတ်တွေတောင် မလောက်ဘူး။

မေး။ Fighter တစ်ယောက်ရဲ့ ပွဲမတိုင်ခင်နဲ့ ပုံမှန်ကာလတွေမှာ လေ့ကျင့်ခန်း၊ အစားအသောက်နဲ့ အနားယူချိန်တွေကို ပွဲနီးတဲ့အချိန်နဲ့ ဘယ်လို စနစ်တကျ စီမံထားသလဲ။
ဖြေ။ အစားအသောက်ကတော့ တခါတလေ ဖြစ်သလိုပဲ စားတယ်။ Training အနေနဲ့ ကစားသမားတစ်ယောက်မှာ အဓိက အိပ်ချိန်ပေါ့။ ကျနော်ကတော့ တစ်ရက်ကို ၅ နာရီလောက်ပဲ အိပ်တယ်။ Training ၁၂ နာရီပြီးတော့ အိမ်ပြန်ရောက်၊ ချက်ပြုတ်စားသောက်ပြီး ၁၂ နာရီခွဲလောက် အိပ်တယ်။ ၆ နာရီခွဲထ တစ်ပတ်တစ်ပတ် အဲလိုမျိုးပဲ လည်ပတ်တာပေါ့။

ပွဲရှိရင်တော့ အစားအသောက်က ဝိတ်ချရတဲ့ အပိုင်းတွေရှိလို့ နည်းနည်း ပြင်ဆင်ရတာပေါ့နော်။ အဓိက Recovery ပြန်လုပ်တဲ့အချိန် နည်းနည်းလိုတယ်။ တခါတလေ ကိုယ်က အလုပ်နားတဲ့အခါ အိပ်ရေးဝရင်တော့ Training လုပ်ရတာ ပိုပြီး အားရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊ အဲလိုသဘောပေါ့နော်။ တခြား ကြားရက်တွေဆို လူက တအားပင်ပန်းတယ်။ ခန္ဓာကိုယ်က ဘာမှတောင် မလုပ်ချင်တော့ဘူး။

မေး။ ပွဲမတိုင်ခင် ဝိတ်ချရတဲ့ အတွေ့အကြုံနဲ့ ခန္ဓာကိုယ်ကို အမြဲ အဆင်သင့်ဖြစ်အောင် ဘယ်လို ထိန်းသိမ်းထားသလဲ သိပါရစေ။
ဖြေ။ Weight Class ပိုင်းမှာ ကျနော့်မှာ ၇၄၊ ၇၅ ကီလိုလောက် ပုံမှန် သတ်မှတ်ထားတယ်။ ပွဲရှိလို့ရှိရင် တစ်လ နည်းနည်းစီ ပြန်လျှော့ချတယ်။ အလုပ်တစ်ဖက်နဲ့ ချက်ချင်းချလိုက်ရင် လူက တအားပင်ပန်းတယ်။ အစားအသောက်တွေ နည်းနည်းပြင်လိုက်ရင် ဝိတ်က ဖြေးဖြေးချင်း နည်းနည်းချင်း ပြန်ကျတယ်။ ချက်ချင်းချလိုက်ရင် အလုပ်မလုပ်နိုင်တော့ဘူး။

ပွဲရက်နီးလာရင် နှစ်ရက်၊ သုံးရက် ခန္ဓာကိုယ် အနားယူဖို့ ခွင့်ယူလိုက်တာ ရှိတယ်။ ခွင့်က အများကြီး ယူလိုက်ရင် လစာက သိပ်မရတော့ဘူးလေ။ အဲလိုဆိုရင် Gym ဖိုးတွေ ဘာတွေ အဆင်မပြေနိုင်တော့တဲ့ အခြေအနေတွေ ဖြစ်ရတာရှိတယ်။ နည်းနည်းပင်ပန်းပေမဲ့ ကြိုးစားပြီး လုပ်ရတာပေါ့။

မေး။ ဂျပန်မှာ ကစားခဲ့သမျှ ပွဲတွေထဲမှာ ကိုယ့်အတွက် အခက်ခဲဆုံးနဲ့ သင်ခန်းစာ အရဆုံးပွဲက ဘယ်ပွဲဖြစ်မလဲ။
ဖြေ။ ပြီးခဲ့တဲ့ ၄ လပိုင်းပွဲပေါ့နော်။ အဲဒီပွဲတုန်းက ကိုယ်က ခန္ဓာကိုယ်သေးပြီး ဝိတ်လည်း ထင်သလောက် မတင်ထားဘူး။ ပြိုင်ဘက် အရပ်ကလည်း အရမ်းရှည်တယ်။ သူက ရှည်တော့ ဝင်ဖမ်းရတာ နည်းနည်းခက်တယ်။ သူကလည်း Kick Boxing ပိုင်းက လာတဲ့သူဆိုတော့ ကျနော့်ထက် အတွေ့အကြုံ ပိုများတယ်။ အဲဒီတုန်းက ကိုယ်လည်း ခန္ဓာကိုယ် ကြံ့ခိုင်မှု သိပ်မရှိတော့ အခွင့်အရေးရပေမဲ့ အားမသန်တော့ ပွဲလည်း ဖျက်မရဘူး။ အဲဒီပွဲမှာ ကျနော့်ပြိုင်ဘက်ကို ညှိနှိုင်းအဆုံးအဖြတ် (၂-၁) နဲ့ ကပ်ရှုံးသွားတယ်။

MMA ကတော့ ထိုးလာတာ (၁၄) ပွဲလောက် ရှိခဲ့တယ်။ Professional ပွဲကတော့ နှစ်ပွဲပဲ ရှိသေးတယ်။ တစ်ပွဲရှုံးပေါ့။ ပြီးခဲ့တဲ့ ၇ လပိုင်းက တစ်ပွဲကတော့ ချုပ်ကွက်နဲ့ နိုင်သွားတယ်။

မေး။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို Fighter အမျိုးအစားလို့ သတ်မှတ်သလဲ (Striker လား၊ Grappler လား)။
ဖြေ။ ကျနော်ကတော့ Grappling (ကြမ်းပြင်ပေါ် လဲချချုပ်ကစားသမား အမျိုးအစား) ပိုအားသာတယ်။ ကိုယ့်ဆရာကလည်း Grappler ဆိုတော့လေ။ အမှန်ဆို ကျနော်က Striker ပိုင်း (ရိုက်နှက်/ထိုးခုတ် စတိုင် အမျိုးအစား) ကစားချင်တာပေါ့နော်။ အဲဒီအတွက် ကိုယ်လည်း အချိန်သိပ်မရဘူးလေ။ Kick Boxing က အချိန်ပြည့် လေ့ကျင့်ပေးရတာရယ်၊ ကျနော့်ဆရာလည်း Grappling ပိုအားသန်တော့ Grappling ဘက် ပိုရောက်သွားတယ်။ Striking ပိုင်း လေ့ကျင့်ဖို့ အချိန်မရတဲ့အတွက် Grappling ပိုင်း ပိုဆော့ဖြစ်သွားတာပါ။

မေး။ ကိုယ့်ရဲ့ ပြိုင်ဘက်တိုင်း ကြောက်ရမယ့် Weapon (လက်နက်) က ဘာဖြစ်မလဲ။
ဖြေ။ ကျနော့်အနေနဲ့ကတော့ D’Arce Choke (ဂျိုင်းမှလျှို၍ လည်ပင်းသိုင်းချုပ်ကွက်) ပေါ့နော်။ ပြီးခဲ့တဲ့ပွဲမှာ သုံးခဲ့တယ်။ အဲဒါ ပိုအားသာတယ်။ Training မှာလည်း အမြဲတမ်း ပိုလုပ်ဖြစ်တယ်။ လည်ပင်းနဲ့ ချုပ်တဲ့ D’Arce အကွက်က ပိုပြီး အားသန်တယ်။

မေး။ ဒီကစားနည်းအပေါ် ဘယ်လောက်ထိ ရူးသွပ်သလဲ။ ဘယ်လောက်ထိ မျှော်မှန်းထားပါသလဲ။
ဖြေ။ အများကြီးတော့ မျှော်မှန်းထားပါတယ်။ ဂျပန်ကို လာတုန်းက ပိုက်ဆံရှာဖို့ လာတာလေ။ အခု ဒီ MMA ကစားဖို့လည်း အများကြီး ရင်းနှီးထားတယ်။ သူငယ်ချင်းတွေ အိမ်ကို ပိုက်ဆံအများကြီး ပို့နေချိန် ကျနော်ကတော့ မပို့နိုင်ခဲ့ဘူး။ Training ဖိုးနဲ့ အိမ်လခနဲ့ပဲ တိုင်ပတ်နေတယ်။ အိမ်ကို ထင်သလောက် မပို့နိုင်ဘူး။ အများကြီး ရင်းထားရတယ်။

တခါတလေ ငွေရေးကြေးရေး အဆင်မပြေတာရှိရင် စိတ်ဓာတ်ကျတာတွေ ရှိတယ်။ မလုပ်ချင်တော့ဘူး၊ လက်လျှော့လိုက်ချင်တဲ့ အချိန်လည်း ရှိတယ်။ ဒါပေမဲ့လည်း ကိုယ်က ဒီဟာအတွက် အဆုံးထိ သွားချင်တယ်ပေါ့နော်။ အခုဆို လမ်းကြောင်းပေါ်လည်း ဖြေးဖြေးချင်း တက်ရောက်လာနိုင်ပြီဆိုတော့ လက်မလျှော့ချင်တော့ဘူး။ ရအောင်ပဲ လုပ်တော့မယ့် ဆန္ဒက ခုထိပါပဲ။ ကမ္ဘာကျော် တစ်ယောက်လည်း ဖြစ်ချင်တာပေါ့နော်။ ကိုယ့်မှာ နောက်ခံလည်း သိပ်မရှိတော့ အများကြီး ကြိုးစားရဦးမယ်။

မေး။ နောက်ထပ်ပွဲစဉ် ဘယ်တော့ ကစားရမလဲ၊ အဲဒီပွဲအတွက် ဘယ်လို အထူးပြင်ဆင်မှုတွေ လုပ်နေသလဲ။
ဖြေ။ ပွဲကတော့ (၁၁) လပိုင်းလောက်မှ ပြန်ရှိမယ်။ အဲဒီအချိန်လောက်မှ ရမယ်ထင်တယ်။ အခု Training ကတော့ ပုံမှန်ပဲ။ ပွဲရှိရှိ မရှိရှိ Training လုပ်တယ်။ ကိုယ်က ထင်သလောက် အချိန်သိပ်ရနေတာ မဟုတ်ဘူး။ သူများလိုလည်း Training အပြည့်လုပ်တဲ့သူ မဟုတ်ဘူးဆိုတော့ အားတဲ့အချိန်မှာပဲ ရသလောက် ပြင်ဆင်ဖြစ်တယ်။ အဆင်သင့်ဖြစ်အောင်တော့ ပြင်ဆင်ထားရတာပေါ့။

မေး။ ပြည်တွင်း၊ ပြည်ပကနေ အမြဲအားပေးနေတဲ့ မြန်မာပရိသတ်တွေကို အခုအချိန်မှာ အဓိက ပြောချင်တဲ့ စကားက ဘာဖြစ်မလဲ။
ဖြေ။ ကျနော်လည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် အများကြီး ကြိုးစားမယ်။ ဒီဂျပန်မှာ ကိုယ့်မြန်မာနိုင်ငံ ထွန်းပေါက်အောင်၊ ပြီးတော့ နောက်လာမယ့် ကလေးတွေလည်း အခွင့်အရေး ရအောင် ကျနော်ကတော့ အကောင်းဆုံး ကြိုးစားသွားမယ်။ ပြည်တွင်းရော ပြည်ပကနေရော အားပေးတဲ့ ပရိသတ်အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒီထက်မက ပိုကြိုးစားသွားပါမယ်။