ဩဂုတ် ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) နှင့် မဟာမိတ်ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်ထားသော ကော့ကရိတ်မြို့မြောက်ဘက် ကွီမောင်တိုင်ကျေးရွာနေရာကို စစ်အုပ်စုဘက်က ပြန်လည်ထိုးစစ်ဆင်လာနေကြောင်း သိရသည်။
ကွီမောင်တိုင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုကွီမောင်တိုင်ကျေးရွာဘက်သို့ ကျုံဒိုးမြို့ဘက်မှလည်းကောင်း၊ နဘူး၊ ရင်ခွဲ တောင်လမ်းပိုင်းမှလည်းကောင်း စစ်အုပ်စုက စစ်ကူစစ်ကြောင်းများ စေလွှတ်၍ ပြန်လည် တိုက်ခိုက် စစ်ဆင်နေသည့်အတွက် ထီးဖိုးစံကျေးရွာအုပ်စု အနီးဝန်းကျင်နှင့် ကွီမောင်တိုင်ကျေးရွာဘက်တို့၌ တိုက်ပွဲများ ပြင်းထန်နေကြောင်း KNLA မဟာမိတ်တပ် ရှေ့တန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
” ကွီမောင်တိုင်၊ ဘုရားကုန်းဘက်မှာ စစ်တပ်အုပ်စုရှိနေတာကို ဝင်တိုက်တော့ ကိုယ့်ဘက်က ပြန်ရ တာပေါ့နော်။ စစ်တပ်က လက်နက်ခဲယမ်းတွေကျန်တယ်၊ စစ်သားအလောင်းတွေကျန်တယ်၊ နောက်တစ်ရက်လောက်ကစပြီးလေယာဉ်ရော၊ လက်နက်ကြီးရောပစ်ချပြီးစစ်ကူတပ်နဲ့ပြန် လာတိုက်နေတယ် “ဟု KNLA မဟာမိတ်တပ်တာဝန်ရှိသူက ပြောသည်။
ကော့ကရိတ် မြောက်ဘက်ခြမ်းရှိ ထီးဖိုးစံ၊ ကွီမောင်တိုင်၊ နောင်ကိုင်း၊ မိဖာလဲနှင့် ဒေါနတောင်အောက် ဘိုတဲလမ်းပိုင်းတို့ကို ထိန်းချုပ်နိုင်ရန် စစ်အုပ်စုတပ်များက ကြိုးပမ်းနေစဉ် ယခုလဆန်းပိုင်း၌ KNLA မဟာမိတ်တပ်များက စစ်ရေးအသာစီးရယူကာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးနှင့် အသေခံဒရုန်း (Kamikaze Drone) များကို အသုံးပြု၍ ပြန်လည်ပစ်ခတ် စစ်ဆင်နေခြင်းဖြစ်ကြောင်း စစ်မြေပြင် တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။
KNLA မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ခုကလည်း ” စစ်တပ်က တော်လှန်ရေးလုပ်တဲ့ဗိုလ်ကျော်သက်က DKBA ဘက်ကိုပြန်ပြောင်းသွားတဲ့သတင်းဖြစ်နေတဲ့အပေါ် လမ်းဟောင်းကို တက်ဖို့လုပ်နေတုန်း ကိုယ့်ဘက်က အရင်တိုက်ပွဲဖော်တာပေါ့နော်။ အခုရက်က စစ်ကူနဲ့ တိုးဖို့ လက်နက်ကြီးတွေကာ မီကာဇေတွေကွီမောင်တိုင်ရွာဘက်ကို ပစ်နေတယ်” ဟု ပြောသည်။
ထို့အပြင် ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ဖားအံမြို့မှ တက်လာသည့် စစ်ကူစစ်သားသစ် ၂၀၀ ဝန်းကျင်နှင့် လက်နက်ခဲယမ်း တင်ဆောင်လာသည့် ၆ ဘီးကား ၈ စီး၊ ၁၂ ဘီးကား ၁ စီးတို့မှာ ကျုံဒိုးမြို့မှတစ်ဆင့် ကော့ကရိတ်တံတားကျိုး-နဘူး-ရင်ခွဲတောင် လမ်းပိုင်းသို့ စစ်ကူပို့ ဆောင်မှုရှိခဲ့သည်။ ၎င်းအပြင် ကော့ကရိတ် အာရှလမ်းမှတစ်ဆင့် မြဝတီ၊ မင်းလက်ပံ၊ ဖလူးလမ်းပိုင်း သို့လည်း စစ်ကူများ ဆက်လက်ပို့ဆောင်နေကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။



















