Home သတင်း လယ်ဒိုစိုးတွင် အရပ်သားတစ်ဦးကို စစ်အုပ်စုတပ် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီးမှ ပြန်လွှတ်

လယ်ဒိုစိုးတွင် အရပ်သားတစ်ဦးကို စစ်အုပ်စုတပ် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီးမှ ပြန်လွှတ်

7
Photo: KNU

ဩဂုတ် ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က ဒေသခံ အရပ်သားတစ်ဦးကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီးမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကေအဲန်ယူပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

အဆိုပါ ညှဉ်းပန်းနှိပ်စက်ခံရသူသည် ခေါပေါ် (မြေးခံဘော်) ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ခမောင်းသွယ် ကျေးရွာအုပ်စုမှ ဓားသွေးကျောက်ကျေးရွာအုပ်စုသို့ ကွမ်းသီးခြံလုပ်ငန်းအတွက် အလုပ်သမား သွားရောက်ရှာဖွေစဉ် လမ်းခရီး၌ စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ စစ်အုပ်စုတပ်က ၎င်းအား အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက်မှ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကေအဲန်ယူမှ ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ အဆိုပါ ဖမ်းဆီးညှဉ်းပန်းခံရသည့် အရပ်သားသည် ညာဘက်ပါးပြင်တွင် ၄ လက်မခန့် ဓားဖြင့် အမွှမ်းခံထားရသည့် ဒဏ်ရာအပြင် လက်နှင့် ခြေထောက်နှစ်ဖက်စလုံး၌ ပွန်းရာပဲ့ရာများနှင့် ညိုမဲဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသည်။

အဆိုပါ နယ်မြေအတွင်း စစ်အုပ်စုတပ်သည် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိကြောင်း ကေအဲန်ယူ တာဝန်ရှိသူများနှင့် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။