ဩဂုတ် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလမ်ဆမ်တွင် ပြီးခဲ့သည့် ဩဂုတ်လ(၂၃)ရက်နေ့က ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့အစည်း(OKRSO) မှကြီးမှူးကျင်းပသည့် ကရင်လက်ချည်ပွဲအနီး ဖြစ်ပွားခဲ့သော ကရင်လူငယ်အချင်းချင်း ဓါးအသုံးပြုခိုက်ရန်ဖြစ်ပွားမှုမှာ ဝေဖန်သူမြင့်တက်နေသလို ကျူးလွန်သူကိုလည်း ယနေ့ထိ ဖမ်း၍မမိသေးကြောင်း သိရသည်။
လက်ချည်ပွဲကျင်းပရာ ဝပ်ဒုံမိုင်းဘုန်းကြီးကျောင်းအနီး အစီအစဥ်ပြုလုပ်နေစဥ် နေ့လည်အချိန်တွင် နှစ်ဖက်ကရင်လူငယ်အဖွဲ့ ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်၍ တဖက်အဖွဲ့မှ လူငယ်တစ်ဦး ဓါးခုတ်ခံရပြီး ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်။
ထို့နောက် ဖြစ်စဥ်ဖြစ်ပွားရာနေရာသို့ ထိုင်းရဲတပ်ဖွဲ့ ရောက်ရှိ ထိန်းသိမ်းလိုက်ပြီးနောက် ညနေ(၄)နာရီ အပြီးသတ်ကျင်းပရန် သတ်မှတ်ထားသော လက်ချည်ပွဲအစီအစဥ်အား တစ်ပိုင်းတစ်စဖြင့် ရပ်တန့်လိုက်ရသည်ဟု OKRSO မှ ပွဲကျင်းပရေးတာဝန်ရှိသူက ပြောသည်။
“အရင်တည်းကသူတို့မှာ ရန်စရှိတယ်။ အဲဒီနေ့ကလည်း ဘုန်းကြီးကျောင်း အနောက်ပေါက်မှာ စဖြစ်ကြတာ။ ခေါင်းကွဲတဲ့သူက ဓါးခုတ်ခံရတဲ့အချိန် ဆိုင်ကယ်ဦးထုပ်ဆောင်းထားလို့ မဟုတ်ရင် နှစ်ခြမ်းကွဲပြီ။ ရဲရောက်လာတော့ ဖမ်းမိတာ အဲဒီခေါင်းကွဲနဲ့နောက်တစ်ယောက်။ ဒါပေမဲ့ ဆေးရုံပို့ပြီးပြန်လွှတ်တယ်။ စိတ်ထင် သူတို့လုပ်တာမဟုတ်ဘူးထင်ပြီး ရဲကပြန်လွှတ်တာ။ ကျနော်တို့လည်း ပွဲရပ်လိုက်ရတယ် နာမည်လည်းပျက်တယ် အမှန်ဆို ဖျော်ဖြေရေးပြီးရင် ကံစမ်းမယ်ဖွင့်မယ်လုပ်ထားတာ” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
သို့ရာတွင် ကိုယ်ထိလက်ရောက် သွေးထွက်သံယိုအမှု ကျူးလွန်သူအား လက်ရှိအချိန်ထိ ဖမ်း၍မမိသေးသလို ရန်ပွဲတွင်ပါဝင်ပတ်သက်သူများအား တာဝန်ရှိသူများက ဝိုင်းဝန်းစုံစမ်းလျက်ရှိကြောင်းလည်း ဘန်ကောက်ရောက် ကရင်အသိုင်းအဝိုင်းမှ သိရသည်။
ထို့အပြင် အဆိုပါရန်ပွဲနှင့်သက်ဆိုင်သည့်ရုပ်သံဖိုင်အချို့ လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာသလို ထိုင်းအာဏာပိုင်များအပါအဝင် လူထောင်ဂဏန်း စည်စည်ကားကားပါဝင် တက်ရောက်ကြသည့် ဘန်ကောက်၊ လက်ချည်ဖြူဖွဲ့ပွဲမှာ ရန်ပွဲကြောင့်ညစ်နွမ်းခဲ့ရသည့်အပေါ် ကရင်လူထုက ဝေဖန်ပြောဆိုနေကြခြင်းလည်း ရှိသည်။
ဘန်ကောက်ရောက် ကရင်အမျိုးသားတစ်ဦးက “ဒေါသမထိန်းတော့မဖြစ်သင့်တာတွေ ဖြစ်သွားတယ်။ ပြီးတော့ အသိတရားမရှိလို့လုပ်ရဲတာ အသိတရားရှိရင်မလုပ်ရဲဘူး။ ဒီလိုလုပ်လိုက်ရင် ကျနော်တို့ကရင်တမျိုးသားလုံးကို အနှောင့်အယှက်ဖြစ်မယ်။ ဂုဏ်သိက္ခာကျမယ် အဲဒီအပိုင်းကိုမမြင်တော့ သူတို့ သည်းမခံနိုင်ကြဘူး” ဟု ဝေဖန်သုံးသပ်သည်။
OKRSO အနေဖြင့် ပွဲမကျင်းပခင်က ဝတ်စားဆင်ယင်မှုအပိုင်းအပြင် မူးယစ်သေစာမသောက်စားရန်နှင့် ခိုက်ရန်မဖြစ်ပွားရန် ယခင်နှစ်များကထက် စည်းကမ်းကြပ်မတ်ထားသလို စည်းကမ်းချက်များကို လူသိရှင်ကြားလည်း ထုတ်ဖော်ပြောဆိုပြီးဖြစ်သည်။
ထို့အတူ ဘန်ကောက်တွင်ပြုလုပ်သည့် ယခု(၃၄)ကြိမ်မြောက် လက်ချည်ပွဲသည် တိုင်းနိုင်ငံခြားသော်လည်း ကရင်များမိမိတို့၏ရိုးရာအမွေအနှစ်ကိုမမေ့ရန်နှင့် စည်းစည်းလုံးလုံးလက်တွဲ စုစည်းနိုင်ကြရန် ရည်ရွယ်ပြုလုပ်သည့်ပွဲဖြစ်ပြီး ပွဲကျင်းပရန်အတွက် သက်ဆိုင်ရာရပ်ကွက်၊ ရဲစခန်းမှ မြို့နယ်ရုံးတာဝန်ရှိသူများအထိ အဆင့်ဆင့်ခွင့်ပြုချက်ယူခဲ့ရကြောင်း သိရသည်။


















