ဩဂုတ် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ် ရပ်ကွက်အချို့တွင် လစဉ်ကောက်ယူနေသည့် စစ်မှုထမ်းကြေးကို “စစ်မှုထမ်းကြေး” ဟု တိုက်ရိုက်မခေါ်ဆိုတော့ဘဲ “သန့်ရှင်းရေးကြေး” သို့မဟုတ် “လုံခြုံရေးကြေး” ဟု ခေါင်းစဉ် ပြောင်းလဲ ကောက်ခံရန် စစ်အုပ်စု၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ညွှန်ကြားလာကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၈) ရက်နေ့ နံနက်ပိုင်းက ဖားအံမြို့၊ အမှတ် (၃) ရပ်ကွက်တွင် ပြုလုပ်သည့် ရပ်ကွက် အစည်းအဝေး၌ အသုံးပြုသည့် အသုံးအနှုန်း တင့်တယ်စေရန်အတွက် စစ်မှုထမ်းကြေးဟု မခေါ်တော့ဘဲ သန့်ရှင်းရေးကြေး၊ လုံခြုံရေးကြေး သို့မဟုတ် အားကစားကြေး စသည့် နာမည်များပြောင်းသုံးရန် အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးတက်ရောက်ခဲ့သူ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “အစည်းအဝေးမှာ အသုံးအနှုန်း ပြောင်းခေါ်ခိုင်းတယ်။ ပြီးတော့ အခုဆိုရင် ကင်းလွတ်ခွင့်မရှိဘူး၊ အိမ်တိုင်း တစ်သောင်းခွဲနှုန်း တန်းတူ မဖြစ်မနေ ကောက်မယ်လို့ ပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ယခင်လများက အိမ်ထောင်စုတစ်စုလျှင် စစ်မှုထမ်းကြေးအဖြစ် လစဉ်ကျပ်နှစ်သောင်းခွဲအထိ ကောက်ယူခဲ့ပြီး မုဆိုးမများ၊ သားသမီးမရှိသူများ၊ ကျန်းမာရေးမကောင်းသူများ၊ တစ်ဦးတည်းနေထိုင်သူများနှင့် စီးပွားရေး မပြေလည်သူများကို ချွင်းချက်အနေဖြင့် ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သိရသည်။
သို့သော် ယခုဩဂုတ်လ (၃၁) ရက်နေ့မှစ၍ စစ်မှုထမ်းကြေးကို ကျပ်တစ်သောင်းခွဲအထိ လျှော့ချပေးမည်ဟု ဆိုသော်လည်း ယခင်ကဲ့သို့ ချွင်းချက်ဖြင့် ကင်းလွတ်ခွင့် မပေးတော့ဘဲ အိမ်ထောင်စုအားလုံး တန်းတူ မဖြစ်မနေ ထည့်ဝင်ရမည်ဟု အုပ်ချုပ်ရေးမှူးက ဖိအားပေးပြောဆိုခဲ့ကြောင်း မြို့ခံများက ဆိုသည်။
ထို့အပြင် ခေါင်းစဉ်နှင့် အသုံးအနှုန်းများကို ပြောင်းလဲလိုက်သော်လည်း ကောက်ခံရရှိသည့် ပိုက်ဆံများကို စစ်မှုထမ်းရန်အတွက်သာ ဆက်လက်အသုံးပြုသွားမည်ဟု အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
စစ်အုပ်စုသည် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ရွာများတွင် လစဉ် စစ်မှုထမ်းကြေးများ ကောက်ခံလျက်ရှိရာ ဖားအံမြို့ပြင်ရှိ အချို့ကျေးရွာများတွင်မူ ယခင်က အိမ်ထောင်စုတစ်စုလျှင် လစဉ်ကျပ်တစ်သောင်း ကောက်ခံရာမှ လက်ရှိတွင် ကျပ်ငါးထောင်အထိ ပြန်လည်လျှော့ကောက်နေကြောင်းလည်း သိရသည်။
ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းရန်အတွက် လူငယ်များကို လစဉ် ဖမ်းဆီးမှုများရှိနေပြီး အများစုမှာ မြဝတီနယ်စပ်သို့ သွားရောက်မည့် အခြားဒေသမှ လူငယ်များ ဖြစ်ကြသည်။ မြို့ပေါ်ရှိ ဒေသခံလူငယ်များကို ပေါ်တင်ဖမ်းဆီးမှု နည်းပါးသော်လည်း ညဘက် အချိန်လွန် အပြင်ထွက်သူများကိုမူ မကြာခဏ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။



















