Home သတင်း နာရာထီဝတ်ခရိုင်၌ တစ်ညတာအတွင်း တိုက်ခိုက်မှု အခင်းဖြစ်ပွားမှု ၄၀ အထိ ရှိခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရ

နာရာထီဝတ်ခရိုင်၌ တစ်ညတာအတွင်း တိုက်ခိုက်မှု အခင်းဖြစ်ပွားမှု ၄၀ အထိ ရှိခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရ

16
ကိုးကား: Thai PBS World

သြဂုတ် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံတောင်ပိုင်း၊ နာရာထီဝတ်ခရိုင်အတွင်း၌ ယမန်နေ့ညက တစ်ညတည်းအတွင်း အစိုးရရုံးများ၊ အများပြည် သူဆိုင်ရာနေရာများ၊ ဆက်သွယ်ရေးစခန်းများ၊ အခြေခံအဆောက်အအုံများ၊ စီးပွားရေး လုပ်ငန်းများနှင့် ယာဉ်လမ်းကြောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပေါင်း ၄၀ အထိ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ နာရာထီဝတ် ကူညီရေးနှင့် ပြန်လည်ကယ်ဆယ်ရေးစင်တာ၏ ယနေ့ (သြဂုတ်လ ၂၃ ရက်) ထုတ်ပြန် ချက်အရ အဆိုပါတိုက်ခိုက်မှုများသည် ခရိုင်အတွင်းရှိ မြို့နယ်/ခရိုင်ခွဲ ၁၃ ခုစလုံး၌ ပျံ့နှံ့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အများစုမှာ ဖောက်ခွဲမှု၊ ပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများ ပါဝင်ကြောင်း ဖော်ပြထားသည်။

တိုက်ခိုက်မှုဖြစ်စဉ်များအနက် ချန်နဲ (Chanae) မြို့နယ်အတွင်း၌ ဖြစ်စဉ် ၉ ခုအထိ အများဆုံးဖြစ်ပွားခဲ့ပြီး ဗလီ ကျောင်း၊ စာသင်ကျောင်းဝန်းကျင်နှင့် ကျေးရွာလုံခြုံရေး စခန်းဟောင်းများကို မီးရှို့တိုက်ခိုက်ခဲ့ကြသည်။ ထို့အပြင် အစိုးရစာသင်ကျောင်းအနီး အများပြည်သူဆိုင်ရာနေရာတစ်ခုတွင် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ရန်ဂဲ (Rangeae) မြို့နယ်တွင်လည်း ဖြစ်စဉ် ၈ ခုအထိ ဖြစ်ပွားခဲ့ပြီး ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာ၊ ဆက်သွယ်ရေးတာဝါတိုင်အဆောက်အအုံနှင့် မြို့နယ်အုပ်ချုပ်ရေးရုံးအနီးတို့၌ မီးရှို့ဖျက်ဆီးမှုများ ပါဝင်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဆိုသည်ကို သတင်းဖော်ပြထားခြင်း မရှိသော်လည်း ထိုင်းအာဏာပိုင်များအနေဖြင့် အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားသည့် မစ်ဆူဘီရှီ (Mitsubishi) pickup အမျိုးအစား မော်တော်ယာဉ်တစ်စီးကို ခြေရာခံစုံစမ်းလျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် ဒဏ်ရာရရှိသူများကို နာရာထီဝတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ပေးလျက်ရှိကြောင်းနှင့် လက်ရှိတွင် အဆိုပါဒေသ၌ စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြကြသည်။

လက်ရှိတွင် နာရာထီဝတ်ခရိုင် အုပ်ချုပ်ရေးမှူးက ထိခိုက်ခံစားရသည့် ပြည်သူများအား ကူညီစောင့်ရှောက်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။