Home သတင်း ဒွယ်လိုးမြို့နယ် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ၉ ဦး ဒဏ်ရာရကာ လက်နက် ၃ လက် ကေအဲန်ယူ သိမ်းဆည်းရရှိ

ဒွယ်လိုးမြို့နယ် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ၉ ဦး ဒဏ်ရာရကာ လက်နက် ၃ လက် ကေအဲန်ယူ သိမ်းဆည်းရရှိ

17

သြဂုတ် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေ ဒွယ်လိုးမြို့နယ် အတွင်း စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုဘက်မှ (၉) ဦး ထိခိုက်ဒဏ်ရာရရှိကာ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲန်ယူ-တပ်မဟာ(၅)ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ ဖားလုံးဒို့ရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်များက စစ်အုပ်စုထံမှ M-79 နှစ်လက်နှင့် MA-1 တစ်လက် စုစုပေါင်း သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲကတော့ နေ့ရော ညရော ဆက်ဖြစ်နေပါတယ်။ ဖားလုံး အောက်ဘက်မှာရော ကမမောင်း ဘက်ဆင်းတဲ့ ဘက်မှာလည်း ဖြစ်တယ်။ ဖားလုံးကြီးဒေသ တိုက်ပွဲမှာ ကျနော်တို့ဘက်က သေနတ် ၃ လက် ရရှိခဲ့တာပါ” ဟု မူတြော်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောရော်ဘင်မူးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင် ၉ ဦးအား ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့တွင် အုန်းတောဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ရှိကြောင်း ပဒိုစောရော်ဘင်မူးက ဖြည့်စွက်ပြောသည်။

လက်ရှိတွင် ဒွယ်လိုးမြို့နယ်အတွင်းရှိ ဖားလိုးဒို့ရွာ အပါအဝင် ဖားလုံးအောက်ဘက်နှင့် ကမာမောင်းဘက်သို့ ဆင်းသည့် လမ်းကြောင်းများ၌ စစ်အုပ်စုတပ်နှင့် KNLA ပူးပေါင်းတပ်ကြား ထိတွေ့တိုက်ပွဲများ နေ့ညမပြတ် ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့တွင်လည်း ဖာပွန်ဘက်သို့ စစ်ကူပေးရန် တက်လာသော စစ်အုပ်စုတပ်ဖွဲ့ စစ်ကြောင်းကို ဝါးသိုးခိုကျေးရွာအနီးတွင် KNLA ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုထံမှ သေနတ် ၈ လက် သိမ်းဆည်းရမိခဲ့သေးသည်။