Home သတင်း ထိုင်းတွင် ဆင်းမ်ကတ်မှတ်ပုံတင်မှု သြဂုတ်လကုန်အပြီး ဆောင်ရွက်ရန် NBTC ညွှန်ကြား

ထိုင်းတွင် ဆင်းမ်ကတ်မှတ်ပုံတင်မှု သြဂုတ်လကုန်အပြီး ဆောင်ရွက်ရန် NBTC ညွှန်ကြား

21
Photo: Social Media

သြဂုတ် ၁၄ရက် ၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်း ငွေကြေးခဝါချမှုနှင့် နည်းပညာဆိုင်ရာ ဆိုက်ဘာမှုခင်းများကို ထိန်းချုပ်နိုင် ရေးလုပ်ဆောင်ချက်အဖြစ် လူတိုင်းအသုံးပြုနေသည့် ဖုန်းဆင်းမ်ကတ်များကို လာမည့် သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်မှတ်ပုံတင်ကြရန် ထိုင်းအမျိုးသား တယ်လီကွန်ဆက်သွယ်ရေးကော်မရှင် (NBTC) က ယမန်နေ့ (သြဂုတ် ၁၃ ရက်) တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

အဆိုပါညွှန်ကြားချက်အရ NBTC သည် ထိုင်းနိုင်ငံရှိ တယ်လီကွန် အော်ပရေတာများအားလုံးထံမှ သံသယရှိဖွယ် ဖုန်းနံပါတ်အချို့နှင့် အထူးသဖြင့် ဖုန်းဆင်းမ်ကတ် သို့မဟုတ် နံပါတ် ၆ ခုနှင့်အထက် အသုံးပြုသူများကို ဦးတည်ကာ အချက်အလက်များ ပြန်လည်ထည့်သွင်း စစ်ဆေးမှတ်ပုံတင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုင်းဥပဒေအရ နိုင်ငံခြားသားတစ်ဦးလျှင် မိမိ၏ တရားဝင်အချက်အလက်၊ နိုင်ငံကူးလက်မှတ်များဖြင့် ဆင်းမ်ကတ် ၃ ခုအထိ ကိုင်ဆောင်ခွင့်ပြုထားသော်လည်း ထိုင်းနိုင်ငံသားအများစုမှာ နံပါတ်အများအပြား ကိုင်ဆောင်လေ့ရှိကြသည်။ ယခုတစ်ကြိမ်တွင် ဖုန်းဆင်းမ်ကတ် သို့မဟုတ် ဖုန်းနံပါတ် ၆ ခုနှင့်အထက် အသုံးပြုသူများကို ထိုင်းတယ်လီကွန်ကော်မရှင်က အဓိကထား စစ်ဆေးမှတ်ပုံတင်စေမည်ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသားအများအပြားနေထိုင်သည့် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ကျားဖြန့်နှင့် ဆိုက်ဘာမှုခင်းများ ပေါ်ပေါက်ခဲ့ပြီးနောက် ဖုန်းဝန်ဆောင်မှုအရောင်းဆိုင်များ၌ ဖုန်းဆင်းမ်ကတ်များကို တရားဝင် အထောက်အထားပြသနိုင်မှသာ ရောင်းချပေးတော့သည်။ ထို့အပြင် လူတစ်ဦးတည်း၏ အချက်အလက်များဖြင့် ဆင်းမ်ကတ်အများအပြား မှတ်ပုံတင်ထားသည့် ဖြစ်စဉ်များကိုလည်း အာဏာပိုင်များက စစ်ဆေးဖော်ထုတ်လျက်ရှိသည်။

မဲဆောက်ရောက် ရွှေ့ပြောင်းမြန်မာများအနေဖြင့် မိမိ၏ တရားဝင် အထောက်အထားများပြသ၍ ဝယ်ယူနိုင်ပြီး ထိုအထဲတွင် ပန်းရောင်ကဒ်၊ နိုင်ငံကူး လက်မှတ် (Passport) နှင့် ဆယ်နှစ်ခံကတ် မှတ်ပုံတင်များ ပါဝင်သည်။ သို့သော် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ် ကိုင်ဆောင်သူများကိုမူ အနည်းငယ် တင်းကျပ်ထားပြီး ထိုလက်မှတ်အပြင် သီးခြားအထောက်အထားတစ်ခု ပြသနိုင်မှသာ ရောင်းချပေးခြင်းများရှိကြောင်း မဲဆောက်ဈေး ဖုန်းဆိုင်ရှိ အသက် ၂၃ နှစ်အရွယ် မြန်မာအရောင်းဝန်ထမ်းတစ်ဦးက

၎င်းက “အဓိကက ပန်းရောင်ကတ်ရှိရမယ်၊ အဲ့ဒါမှမဟုတ်ရင် PJ PV တို့ သုံးထားရင်လည်း ရတယ်။ ဆယ်နှစ်ခံလည်းရတယ်။ အဲ့ဒါတွေနဲ့ တင်ရတာပေ့ါ။ နောက်ပိုင်းကျတော့ CI တစ်မျိုးတည်းနဲ့ မရဘူးပေ့ါနော်၊ DTAC တို့ Truemove တို့ ကုမ္ပဏီတွေကတော့ ဆင်းမ်ကတ်ဝယ်ဆိုရင် CI စာအုပ်အပြင် အထောက်အထားတစ်ခုပေ့ါနော်။ ဥပမာ ဆိုပါစို့ ဝေါ့ပါမစ်ကတ်တစ်ခုမဟုတ်ရင် ဆေးရုံတက် ပိုက်ဆံရှင်းထားတဲ့ ပြေစာတစ်ခုခုပေ့ါ၊ လိုင်စင်ကတ်တို့ ဘာတို့နဲ့ တင်ရတာပေ့ါနော်” ဟု ကေအိုင်စီသို့ ပြောသည်။

ဆိုက်ဘာမှုခင်းများ တားဆီးနှိမ်နင်းရေး ထိုင်းနိုင်ငံတွင် ဆင်းမ်ကတ်များကို အွန်လိုင်းငွေလိမ်မှု၊ ကျားဖြန့်လုပ်ငန်းများနှင့် အခြားဆိုက်ဘာမှုခင်းများတွင် အလွဲသုံးစား ပြုလုပ်လာကြသည့်အတွက် အာဏာပိုင်များက ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနှင့် သုံးစွဲသူအချက်အလက် စစ်ဆေးမှုများကို ပိုမိုတင်းကျပ်လာနေခြင်းဖြစ်သည်။

လက်ရှိတွင် အာဏာပိုင်များသည် အွန်လိုင်းငွေလိမ်မှုများ၌ အသုံးပြုထားသည့် ဖုန်းနံ ပါတ်များနှင့် ဘဏ်အကောင့်များကို ခြေရာခံစစ်ဆေးခြင်း၊ သံသယရှိသည့် နံပါတ်များကို ပိတ်ပင်ခြင်းအပြင် ဆက်သွယ်ရေး အော်ပရေတာများ၊ ဘဏ်များနှင့် ပူးပေါင်း၍ ငွေလိမ်မှုကွန်ရက်များကို ဖော်ထုတ်အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။