Home သတင်း တုံးဗျောကျေးရွာတွင် တပ်စွဲထားသော အာဏာသိမ်းတပ် KNDO ဝင်ရောက်တိုက်ခိုက်၊ လက်နက်အချို့ သိမ်းဆည်းရမိ

တုံးဗျောကျေးရွာတွင် တပ်စွဲထားသော အာဏာသိမ်းတပ် KNDO ဝင်ရောက်တိုက်ခိုက်၊ လက်နက်အချို့ သိမ်းဆည်းရမိ

6
Photo: KNU

ဩဂုတ် ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တုံးဗျောကျေးရွာတွင် တပ်စွဲထားသော အာဏာသိမ်းတပ်ကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၃) က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-11 (၁) လက်နှင့် ခဲယမ်းမီး ကျောက်အချို့ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၂၉ ရက်နေ့ကလည်း မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တနင်္သာရီချောင်းမကြီးဘေးရှိ ကျောက်လုံးကြီးကျေးရွာတွင် နှစ်ပေါင်း ၂၀ ကျော် အခြေချတပ်စွဲထားသော ကျောက်လုံးကြီးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ KNDO နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သေးသည်။