Home သတင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာ့အရေးအစည်းအဝေးသို့ စစ်အုပ်စုဝန်ကြီး တက်ရောက်မည်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာ့အရေးအစည်းအဝေးသို့ စစ်အုပ်စုဝန်ကြီး တက်ရောက်မည်

18
Photo: Thai PBS World News

ဇူလိုင် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော မြန်မာ့အရေးနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တက်ရောက်သွားရန်ရှိနေကြောင်း နီးစပ်ရာသတင်းအရင်းအမြစ် ပြောကြားချက်အရ Thai PBS သတင်းက ဖော်ပြသည်။

စစ်အုပ်စုဦးဆောင်ပြုလုပ်သွားသည့် ရွေးကောက်ပွဲများအပြီး မြန်မာနိုင်ငံနှင့်စနစ်တကျပိုမိုထိတွေ့ရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့က စတင်အဆိုပြုခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအလွန် အခြေအနေကို ဆွေးနွေးကြမည်ဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအားလုံး တက်ရောက်မည်ဖြစ်ကြောင်း သတင်းက ဖော်ပြသည်။

၎င်းအစည်းအဝေးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့်အတူ မြန်မာစစ်အစိုးရကို အာဆီယံက အဆင့်မြင့်အစည်းအဝေးများတွင် ပါဝင်ခွင့် ကန့်သတ်လိုက်ပြီးနောက် အာဆီယံနှင့် မြန်မာစစ်အုပ်စုအကြား ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့ဆုံမည့် အစည်းအဝေးဖြစ်လာသည်။

ထို့အပြင် အစည်းအဝေးဖြစ်မြောက်ရေး စီစဥ်ပေးသည့် ထိုင်းနိုင်ငံ၏အခန်းကဏ္ဍကိုလည်း မလေးရှားဝန်ကြီးချုပ်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြုလုပ်ခဲ့သော ထိုင်း-မလေး ပူးတွဲသတင်းစာရှင်းလင်းပွဲမှတဆင့် ချီးကျူးပြောဆိုထားသည်။

သို့ရာတွင် ရုရှား၊ တရုတ်၊ ဘီလာရုဇ်၊ မြောက်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှလွဲ၍ အာဆီယံသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲရလဒ်အား ယခုအချိန်အထိ တရားဝင် ထောက်ခံထားခြင်းမရှိသေးပေ။

အာဆီယံသည် ၎င်း၏ဘုံသဘောတူညီချက်(၅)ရပ်ကို မြန်မာစစ်အုပ်စုက လိုက်ပါဖော်ဆောင်ခြင်းမရှိသေးသရွေ့ စစ်အုပ်စု ကျောထောက်နောက်ခံပြုထားသော အုပ်ချုပ်ရေးကို အသိအမှတ်ပြုမှုမရှိသေးကြောင်း အတွင်းသတင်းများကို ကိုးကားပြီး Thai PBS သတင်းက ဖော်ပြသည်။

ထို့အပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ပြန်လည်စေ့စပ်မှုလုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိသည်လည်း လာမည့် မြန်မာ့အရေးအစည်းအဝေးအပေါ် မူတည်နေသည်ဟု ဆိုသည်။

အစည်းအဝေးကို နေပြည်တော်သို့သွားရောက်ခဲ့သည့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro က ဦးဆောင်မည်ဖြစ်သည်။ ဆက်လက်၍ သူမသည် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပြင် မြန်မာ့နိုင်ငံရေးပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဘန်ကောက်အစည်းအဝေးအပြီး တွေ့ဆုံသွားနိုင်ကြောင်းလည်း သိရသည်။