ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထိ မြင့်တက်လာနေသဖြင့် မြစ်ကမ်းဘေးတစ်လျှောက် နေထိုင်ကြသည့် မြဝတီနှင့် မဲဆောက်မြို့နယ်မှ ဒေသခံများမှာ ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြသည်ဟု သိရသည်။
နှစ်စဉ် ဇူလိုင်လရောက်တိုင်း သောင်ရင်းမြစ်ရေ မြင့်တက်လေ့ရှိပြီး အနိမ့်ပိုင်းနေအိမ်များ ရေနစ်မြုပ် မှုနှင့် ကြုံတွေ့ရလေ့ရှိသဖြင့် ယခုနှစ်တွင်လည်း ရေမဝင်မီ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒေသခံများက ပြင်ဆင်ထားခြင်းဖြစ်သည်။
မြဝတီဒေသခံ အမျိုးသမီးတစ်ဦးက “အခုတော့ အိမ်နားကလူတွေရော၊ ကမ်းနားကလူတွေပါ အကုန်လုံး ပစ္စည်းတွေသိမ်းနေကြပြီ။ နေရာပြောင်းနေကြရတယ်။ တစ်ချို့ဆို ထိုင်းဘက်က ဆွေမျိုးတွေဆီ အရင်သွားနေကြတယ်။ အရင်နှစ်တွေကလည်း ဇူလိုင်ဆိုရင် အမြဲလိုလို ရေတက်တာဆိုတော့ ကြိုတင်ပြင်ဆင်ထားကြတာပေါ့” ဟု ပြောသည်။
မြဝတီဘက်ခြမ်းတွင် ရပ်ကွက်အလိုက် ပရဟိတအသင်းအဖွဲ့များနှင့် လူမှုကူညီရေးအဖွဲ့များက လှေများ၊ အသက်ကယ်အင်္ကျီများနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများကို အသင့်စုဆောင်းထားရှိသည့်အပြင် မြစ်ချောင်းများအတွင်းရှိ အမှိုက်သရိုက်များကိုလည်း ရှင်းလင်းမှုများ လုပ်ဆောင်နေကြသည်ဟု သိရသည်။
အလားတူ ထိုင်းဘက်ခြမ်း မဲဆောက်တွင်လည်း ရပ်ကွက်တာဝန်ရှိသူများက ရေဘေးသတိပေးချက်များ ထုတ်ပြန်ထားပြီး ဒေသခံများမှာ အဖိုးတန်ပစ္စည်းများကို အမြင့်ပိုင်းသို့ ရွှေ့ပြောင်းခြင်းများ လုပ်ဆောင်နေကြသည်ဟု နယ်စပ်ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ အခု ကြိုတင်ပစ္စည်းတွေလည်း ရွှေ့ထားပြီးပြီး၊ ကျန်သေးတဲ့အနည်းစုကတော့ ရေကြီး ရင်တစ်ခါတည်း သူငယ်ချင်းအိမ်မှာ သွားထားလိုက်ရုံပဲ။ အရင်နှစ်တွေကတော့ ရေကြီးတာ အိမ်အောက်ထိရောက်တယ်။ သွားရလာရတာအဆင်မပြေတော့ တစ်ချို့အလုပ်တွေ ပိတ်ကြတယ်။” ဟု ပြောသည်။
နှစ်စဉ် မိုးရာသီကာလတွင် သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လေ့ရှိပြီး မြဝတီမြို့ ဘက်တွင်မူ ရေနုတ်မြောင်းစနစ် မကောင်းမွန်ခြင်းနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ရေကြီးမှုဒဏ်ကို ပိုမိုခံစားရလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ထိုင်းမိုးလေဝသဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ တာ့ခ်ခရိုင်တွင် ဇူလိုင် ၁၃ ရက်မှ ၁၄ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် မဲဆောက်မြို့အပါအဝင် ဒေသအချို့တွင် ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
ထို့ကြောင့် တောင်ခြေဒေသများ၊ ရေလမ်းကြောင်းအနီးနှင့် မြစ်ကမ်းပါးယံဒေသများတွင် နေထိုင်ကြသူများအနေဖြင့် အထူးသတိထား နေထိုင်ကြရန် ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာန (TMD) က တိုက်တွန်းထားသည်။



















