Home သတင်း ဘီးလင်းတွင် စစ်အုပ်စုက အရပ်သားနေအိမ်(၆)လုံးကို မီးရှို့ပြီး ပြည်သူ (၂) ဦးကို ဖမ်းဆီး

ဘီးလင်းတွင် စစ်အုပ်စုက အရပ်သားနေအိမ်(၆)လုံးကို မီးရှို့ပြီး ပြည်သူ (၂) ဦးကို ဖမ်းဆီး

15
Photo: CJ

ဇူလိုင် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်တွင် ယခု ဇွန်လအတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က အရပ်သားပြည်သူပိုင်နေအိမ်(၆)လုံးကို မီးရှို့ဖျက်ဆီးပြီး အမျိုးသား(၂) ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်(၅)ရက်နေ့က တက်တူကုန်းရွာနှင် ကြက်ခြေခတ်ရွာဘက်သို့ စစ်အုပ်စု၏ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၈)၊ အမှတ် (၃၁၄) အမြောက်တပ်ရင်းနှင့် ပျူစောထီးအဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၁၀၀ ကျော်ရှိ ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင်အထိနာ၍ နောက်ကြောင်းပြန်ဆုတ်လာသည့် စစ်အုပ်စုက ရွာနှစ်ရွာအကြားရှိ စေတီတော်မုခ်ဝအနီး အရပ်သားနေအိမ်(၆)လုံးသို့ ဝင်ရောက်၊ ပစ္စည်းများယူဆောင်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ တက်တူကုန်းရွာနေ အသက်(၃၈)နှစ်အရွယ် ကိုခွန်ထက်ဦးနှင့် အမည်မသိယာဥ်မောင်းအမျိုးသားမှာလည်း စစ်အုပ်စု၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရသည်ဟု ဒေသခံများကပြောသည်။

“တက်တူကုန်းက ရွာသားတွေပဲ။ ဒီနေ့အထိ ပြန်မလွတ်သေးဘူး။ ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ မိသားစုဝင်တွေလည်း မသိရသေးဘူး။ ဖမ်းဆီးခံရတဲ့ ကိုထက်ဦးက ဉာဏ်ရည်ချို့တဲ့ သူလည်း ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ၅ ရက်နေ့က သူအဖမ်းခံရတာ တစ်ရက်တည်းမှာပဲ အမျိုးသမီးတစ်ဦးပါ အတူတူအဖမ်းခံရတယ်။ အဲဒီအမျိုးသမီးကတော့ နောက်နေ့ မနက်မှာပဲ ပြန်လွှတ်လာပြီ” ဟု ဒေသခံတစ်ဦးက ကေအိုင်စီကို ပြောသည်။

Photo: CJ

ထို့အပြင် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် အရပ်သားကုန်ကားများနှင့် ကုန်ပစ္စည်းများကို စစ်အုပ်စုက သိမ်းယူကာ ကုန်ကား ၂ စီးနှင့် ကုန်ပစ္စည်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို ကုန်တင်ယာဉ်အပါအဝင် အိမ်စီးမော်တော်ယာဥ် ၁၀ စီးခန့်ကိုလည်း စစ်ကြောင်းနှင့်အတူယူဆောင်သွားခဲ့ကြောင်း သိရသည်။

လက်ရှိ အဆိုပါကျေးရွာများမှ စစ်ကြောင်းပြန်ထွက်သွားပြီးဖြစ်၍ ရွာခံအချို့ နေရပ်ပြန်နေကြသော်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည့်အရေး စိုးရိမ်ချက်ဖြင့် သတိထားနေထိုင်ရသည်ဟု ကေအဲန်ယူ သထုံခရိုင်တာဝန်ရှိသူဘက်က ဆိုသည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လ (၅) ရက် နှင့် (၆)ရက်နေ့အတွင်း စစ်အုပ်စုစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တက်တူကုန်းရွာနှင့် ကြက်ခြေခတ်ရွာကြား၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားစဥ် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိသော်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးပြီး (၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံစစ်ရေးသတင်းအရင်းအမြစ်အရ သိရသည်။