Home သတင်း ဘန်ကောက်မြို့ စားသောက်ဆိုင်မီးလောင်မှုတွင် ၂၇ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ

ဘန်ကောက်မြို့ စားသောက်ဆိုင်မီးလောင်မှုတွင် ၂၇ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ

21
Photo: Bangkok Post

ဇူလိုင် ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချတူချက်ခရိုင်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ယမန်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနတွင် ဖော်ပြထားသည်။

မီးလောင်မှုမှာ ချတူချက်ခရိုင်၊ လာ့ဖရောင်း (၁) လမ်းရှိ Rong Beer Lardprao စားသောက်ဆိုင်တွင် ယမန်နေ့ည ၁၁ နာရီ ၅၇ မိနစ်ခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များက တစ်နာရီ ခွဲခန့် ကြိုးပမ်းငြိမ်းသတ်ခဲ့ရပြီး ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဌာန၏ ထုတ်ပြန်ချက်အရ သေဆုံးသူများထဲတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁၈ ဦး ပါဝင်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၆၃ ဦးအနက် ၂၂ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရသည်။ ဖြစ်စဉ်နေရာသို့ ထိုင်းဝန်ကြီးချုပ် မစ္စတာအနုတင်နှင့် ပြည်ထဲရေးဝန်ကြီးတို့ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူအများစုမှာ မီးခိုးမွှန်ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

ဆိုင်အတွင်း ဖျော်ဖြေခဲ့သည့် တီးဝိုင်းအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ ဖျော်ဖြေရေး စင်ပေါ်ရှိ လျှပ်စစ်ဆားကစ်ဘရိတ်ကာမှ မီးပွားထွက်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်ကာ ပေါက်ကွဲ မှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။ မီးသည် ဆိုင်တစ်ခုလုံးသို့ လျင်မြန်စွာ ကူးစက်သွားသဖြင့် စားသုံးသူများမှာ အရေးပေါ်ထွက်ပေါက်ရှိရာ ဆိုင်၏ အနောက်ဘက်သို့ ထွက်ပြေးခဲ့ကြသည်။ အချို့မှာ အိမ်သာအတွင်း ပုန်းအောင်းခဲ့ကြသော်လည်း မီးခိုးများ အလွန်အမင်း ပြည့်နှက်သွားသဖြင့် ထွက်ပေါက်ပိတ်ဆို့ကာ သတိလစ်မူးမေ့ခဲ့ကြခြင်းဖြစ်သည်။

ဘန်ကောက်မြို့တော်ဝန် မစ္စတာချတ်ချာ၏ ပြောကြားချက်အရ အဆိုပါဆိုင်မှာ လိုင်စင်ရထားပြီး ယခုနှစ် ဧပြီလအတွင်းကလည်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။ ဧည့်သည် ၆၀၀ မှ ၇၀၀ အထိ လက်ခံနိုင်သည့် အဆိုပါဆိုင်တွင် မီးလောင်မှုဖြစ်ပွားချိန်၌ ဝန်ထမ်းများနှင့် စားသုံးသူ စုစုပေါင်း လူဦးရေ ၃၀၀ ခန့် ရှိနေခဲ့သည်။

ထိုင်းနိုင်ငံတွင် ယခင်ကလည်း အလားတူ မီးဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ဖူးသည်။ ၁၉၉၇ ခုနှစ် ပတ္တယားမြို့ရှိ Royal Jomtien Resort Hotel မီးလောင်မှုတွင် လူ ၉၀ ကျော်၊ ၂၀၀၉ ခုနှစ် ဘန်ကောက်မြို့ Santika Club မီးလောင်မှုတွင် ၆၆ ဦးနှင့် ၂၀၂၂ ခုနှစ် ချွန်ဘူရီပြည်နယ် Mountain B Pub မီးလောင်မှုတွင် လူ ၂၆ ဦး သေဆုံးခဲ့သည့် အဖြစ်အပျက်များသည် ထိုင်းနိုင်ငံ၏ အဆိုးရွားဆုံး မီးဘေးမှတ်တမ်းများအဖြစ် မှတ်တမ်းဝင်ခဲ့သည်။