Home သတင်း ဖားအံတွင် ရေဘေးကယ်ဆယ်ရေး ကြိုတင်ပြင်ဆင်ထားသော်လည်း လှေနှင့်လူအင်အား လိုအပ်ချက် ရှိနေ

ဖားအံတွင် ရေဘေးကယ်ဆယ်ရေး ကြိုတင်ပြင်ဆင်ထားသော်လည်း လှေနှင့်လူအင်အား လိုအပ်ချက် ရှိနေ

15
Photo: မာဃအသင်း(ပုံဟောင်း) & မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

ဇူလိုင် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်သို့ နီးကပ်လာသည့်အတွက် ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားသော်လည်း လူအင်အားနှင့် အသက်ကယ်လှေ လုံလောက်မှုမရှိသေးကြောင်း မြို့နယ်လူမှုကူညီရေးအဖွဲ့များက ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့(ဇူလိုင် ၁၁ ရက်) ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဖားအံမြို့၏ စိုးရိမ်ရေအမှတ်အထက် ၁ လက်မ သို့ ရောက်ရှိနေသည်။

မြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးအန္တရာယ်ကြုံတွေ့ရပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ဖားအံမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းပေါင်း ၆၀ ကျော်က အသင့်ပြင်ဆင်ထားသော်လည်း တစ်နိုင်တစ်ပိုင် ပုဂ္ဂလိကအလှူရှင်များကိုသာ မှီခိုနေရသဖြင့် လိုအပ်ချက်များစွာရှိနေသည်ဟု ဖားအံမြို့နယ်မှ ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရေဘေးအန္တရာယ်ဖြစ်လာရင် ကူညီပေးနိုင်ဖို့ အဆင်သင့်ပြင်ထားတယ်။ လိုအပ်ချက်တွေကတော့ ရှိနေတုန်းပဲ။ ကျနော်တို့က ပုဂ္ဂလိက တစ်နိုင်တစ်ပိုင်ပဲဆိုတော့ အလှူရှင်တွေ မတည်ထားတာတွေနဲ့ပဲ စီစဉ်ရတာ။ အရင်ကထက် လူအင်အားတွေ နည်းလာတယ်။ တကယ်တမ်း ဖြစ်လာပြီဆိုရင် ရှိတဲ့အသင်း ၆၀ ကျော်ထဲက တကယ်အရေးကြီးမယ့်နေရာတွေကို တစ်သင်းကို ၅ ယောက်၊ ၁၀ ယောက်စုပြီး ဖားအံမှာ စခန်းချစီစဉ်ရတာပေါ့” ဟု အဆိုပါ ကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောသည်။

ဖားအံမြို့ပေါ်ရှိ ကယ်ဆယ်ရေးအဖွဲ့များသည် ဖားအံမြို့နယ်အပြင် နှစ်စဉ်ရေဘေးဒဏ် ပြင်းထန်စွာခံရလေ့ရှိသည့် လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးရွာနှင့် မင်းဇီရွာများဘက်သို့ပါ လူအင်အားခွဲ၍ စေလွှတ်ကူညီပေးနေရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် လူအင်အား မလုံလောက်သည့် အဓိကအကြောင်းရင်း ဖြစ်နေသည်ဟု ဆိုသည်။

Photo: မာဃအသင်း(ပုံဟောင်း) & မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

ထို့အပြင် ဖားအံမြို့တွင် ရေကြီးသည့်နှစ်တိုင်း ရေဘေးသင့်ပြည်သူများ ယာယီခိုလှုံနိုင်ရန် ရေဘေးကယ်ဆယ်ရေးစခန်းများကို ကြိုတင်နေရာချ ဖွင့်လှစ်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ အာဏာပိုင်များဘက်က တစ်စုံတစ်ရာ ပြင်ဆင်ဖွင့်လှစ်ပေးခြင်း မတွေ့ရသေးကြောင်း မြို့ခံများက ပြောသည်။

အာဏာပိုင်များ၏ စီစဉ်ဆောင်ရွက်ပေးမှု အားနည်းသဖြင့် ဒေသခံပြည်သူများသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေရသည်ဟု မြို့ခံများက ပြောသည်။

ဖားအံမြို့ခံတစ်ဦးက “ခါတိုင်းနှစ်လို ဘာမှမရှိသေးဘူး။ သူတို့ (အာဏာပိုင်များ) က ရေကြီးမှပဲ ဟိုလိုက်ဆွဲ ဒီလိုက်ဆွဲ လုပ်ကြတာ။ ကိုယ့်ဟာနဲ့ကိုယ် ကိုယ်ထူကိုယ်ထပဲ ကြိုလုပ်ကြရတယ်။ ခါတိုင်းနှစ်ထက်စာရင်တော့ ဒီနှစ်က သိပ်ပြီးမစိုးရိမ်ရဘူး ထင်တာပဲ။ တကယ်လို့ ရေကြီးလာပြီဆိုရင်တော့ အထုပ်တွေကို နည်းနည်းမြင့်တဲ့နေရာ တင်တာပေါ့။ မြေနိမ့်ပိုင်းက အိမ်မြုပ်တဲ့လူတွေကျတော့ ကုန်းပေါ်ကနေရာတွေမှာ ပစ္စည်းတွေလာထားကြတယ်” ဟု ပြောသည်။

ဖားအံမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများသည် နှစ်စဉ်မိုးရာသီတွင် သံလွင်မြစ်ရေလျှံမှုကြောင့် ရေဘေးဒဏ်ကို ဆိုးရွားစွာခံရလေ့ရှိသည်။ လက်ရှိတွင်လည်း မြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက်တွင် တည်ရှိနေ၍ မိုးဆက်လက်ရွာသွန်းပါက ရေဆက်လက်မြင့်တက်နိုင်သောကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်သည့် ဒေသခံများ အရေးပေါ်ရွှေ့ပြောင်းနိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက သတိပေးစောင့်ကြည့်နေကြခြင်းရှိသည်။