Home သတင်း ဖားအံခရိုင်တွင်ပြုလုပ်သည့် KSNG ၏ နှစ်(၃၀)ပြည့်အခမ်းအနား လူ(၃၀၀)ဝန်းကျင် ပါဝင်တက်ရောက်

ဖားအံခရိုင်တွင်ပြုလုပ်သည့် KSNG ၏ နှစ်(၃၀)ပြည့်အခမ်းအနား လူ(၃၀၀)ဝန်းကျင် ပါဝင်တက်ရောက်

14

ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ကျောင်းသားများကွန်ရက်အဖွဲ့ (Karen Student Network Group – KSNG) ဖွဲ့စည်းတည်ထောင်ခြင်း အနှစ်(၃၀)ပြည့် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ ဇူလိုင်လ (၈) ရက်နေ့တွင် ကေအဲန်ယူ၊ တပ်မဟာ (၇)၊ ဖားအံခရိုင် အမှတ် (၁) ကော်သူးလေ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများအပါအဝင် လူ(၃၀၀)ဝန်းကျင် ပါဝင်တက်ရောက်ခဲ့ကြသည်။

ဖားအံခရိုင်ပညာရေးမှူးနှင့် KSNG တာဝန်ရှိသူများအပြင် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ သားများ စုစုပေါင်း လူဦးရေ ၃၀၀ ဝန်းကျင် အခမ်းအနားတက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး အနှစ်(၃၀)ပြည့်သည်အထိ KSNG ရပ်တည်နိုင်ခြင်းနှင့်ပတ်သက်၍ အဖွဲ့၏ ဗဟိုဥက္ကဋ္ဌ ဟောင်း စောနေကော်စေးက ယခုလိုပြောသည်။

“ကျောင်းသားကျောင်းသူတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်လည်း ပါပါတယ်။ ပညာရေးဆိုင်ရာအခွင့်အလမ်းနဲ့ စကောလားရှစ်ရရှိဖို့၊ လူငယ်တွေ လူရှေ့ထွက်နိုင်ဖို့၊ ကရင်လူမျိုးတွေရဲ့ သမိုင်းကြောင်းဆိုင်ရာတွေ ကရင်ယဉ်ကျေးမှု စာပေသမိုင်းကြောင်းတွေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့နဲ့ ကျောင်းသားလူငယ်တွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့အတွက်က ကျနော်တို့ KSNG ရဲ့ ရည်ရွယ်ချက်တွေဖြစ်ပါတယ်” ဟု စောနေကော်စေးက ပြောသည်။

ယနေ့ပြုလုပ်သည့်နှစ်ပတ်လည်နေ့ကို အခမ်းအနားအစီအစဥ်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာသည့်တာဝန်ရှိသူများမှ တိုက်တွန်းအားပေးစကားပြောကြားခြင်းအပြင် ကျောင်းသားလူငယ်များမှလည်း အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့အပြင် KSNG သို့ ဝင်ရောက်နိုင်ခဲ့ပြီးနောက် ရရှိလာသည့်သင်တန်းအတွေ့အကြုံများမှတဆင့် ခေါင်းဆောင်မှုစွမ်းရည်နှင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်လာခြင်းအပေါ်တွင်လည်း အမှတ်(၁)ကော်သူးလေ အထက်တန်းကျောင်း၏ ဒုကျောင်းအုပ်ဆရာမ နော်ရိုစီက အခမ်းအနားတွင် အမှာစကားပြောသည်။

ဆရာမ နော်ရိုစီက “သူငယ်ချင်းတစ်ယောက်ဆီကနေ KSNG အကြောင်းသိလာရပြီး မန်ဘာဝင်အဖြစ် ပါဝင်ခွင့်ရခဲ့တယ်။ ခေါင်းဆောင်မှုသင်တန်းတွေ၊ Activity တွေနဲ့အတူ လူရှေ့ထွက်ရဲဖို့အတွက် သင်တန်းတွေမှာ ပါဝင်ခွင့်ရခဲ့တယ်။ ကျောင်းသားကျောင်းသူတွေအနေနဲ့လည်း KSNG အကြောင်း သိချင်တာဖြစ်ဖြစ်၊ ပညာသင်ကြားရေးဆိုင်ရာ အကူအညီတွေလိုအပ်ရင်ဖြစ်ဖြစ် မေးလို့ရတယ်၊ အကူအညီတောင်းလို့ရတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်” ဟု တိုက်တွန်းအားပေးစကား ဆိုသည်။

ကရင်‌ကျောင်းသားများကွန်ယက်အဖွဲ့-KSNG ကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၆)ရက်‌နေ့တွင် နယ်စပ်‌ဒေသ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းအပါအဝင် နယ်စပ်နှင့် ဒုက္ခသည်စခန်းများ၌ ကွန်ယက်အဖွဲ့ဝင်များ ထားရှိရပ်တည်လျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အရပ်ဘက်လူငယ်အဖွဲ့အစည်းတစ်ခုအဖြစ် နှစ်ပေါင်း (၃၀) တိုင်တိုင် လျှောက်လှမ်းလာသည့် KSNG မှာ ကျောင်းသားလူငယ်များ၏ အခွင့်အရေး၊ ပညာရေးနှင့် ကရင်အမျိုးသားစာပေယဉ်ကျေးမှု ထိန်းသိမ်းရေးတို့အတွက် အဓိကလှုပ်ရှားလျက်ရှိကြောင်းလည်း သိရသည်။