Home Facts Checking News ဖာပွန်တွင် ကေအဲန်ယူ တပ်မဟာ(၅)နှင့်(၇)အကြား ရိက္ခာကိစ္စအချင်းများ၍ ပစ်ခတ်မှုဖြစ်ပွားဟု စစ်လော်ဘီများ သတင်းမှားဖန်တီး ဝါဒဖြန့်

ဖာပွန်တွင် ကေအဲန်ယူ တပ်မဟာ(၅)နှင့်(၇)အကြား ရိက္ခာကိစ္စအချင်းများ၍ ပစ်ခတ်မှုဖြစ်ပွားဟု စစ်လော်ဘီများ သတင်းမှားဖန်တီး ဝါဒဖြန့်

38

ဖာပွန်တွင် ကေအဲန်ယူ တပ်မဟာ(၅)နှင့်(၇)အကြား ရိက္ခာကိစ္စအချင်းများ၍ ပစ်ခတ်မှုဖြစ်ပွားဟု စစ်လော်ဘီများ သတင်းမှားဖန်တီး ဝါဒဖြန့်

ဇူလိုင် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

Fact Check/KIC/The Red Flag/MFCN

ဖာပွန်မြို့နယ်အတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးလက်အောက်ရှိ တပ်မဟာ(၅)နှင့် (၇) တပ်ဖွဲ့ဝင်များအကြား ရိက္ခာခွဲတမ်းမမျှတခြင်းနှင့်တာဝန်ယူမှုမရှိခြင်းတို့ကြောင့် အချင်းပွားရာမှ သေနတ်ဖြင့်ပစ်ခတ်မှုအထိ ဖြစ်ပွားနေသည်ဟု AI အသုံးပြုဖန်တီးထားသော ဓာတ်ပုံများဖြင့် စစ်အုပ်စုထောက်ခံသည့် လော်ဘီချန်နယ်များက ဝါဒဖြန့်သတင်းလွှင့်နေကြသည်။

Ka Ka Han နှင့် Fact Check အမည်ခံ တယ်လီဂရမ်ချန်နယ်များက “KNU တပ်မဟာ(၅) ကို စစ်ကူလာရောက်ပေးနေတဲ့ တပ်မဟာ(၇) အဖွဲဝင်တွေနဲ့ တပ်မဟာ(၅) တို့အကြား ရိက္ခာခွဲဝေမှု မမျှတခြင်းနဲ့ တာဝန်ယူမှုမရှိခြင်းတို့ကြောင့် ပြဿနာတွေတက်နေတယ်” ဟု လည်းကောင်း၊
“တပ်မဟာ (၅) က တာဝန်ခံအရာရှိကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် မျက်လုံးကန်းသွားတယ်၊ သေနတ်မောင်းတင်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားကြတယ်” ဟူ၍ လည်းကောင်း ဇူလိုင်လ(၂၀)ရက်နေ့က ဖြန့်ချိထားသည်။

Fact Check (သတင်းအမှားလင့်ခ်-၁)- https://archive.ph/6WtoH
(သတင်းအမှားလင့်ခ်-၁)- https://archive.ph/O1ds5
Ka Ka Han – https://archive.ph/fwXCp
ထိုသတင်းအား Myanmar Fact-Checking Network အဖွဲ့ဝင် ကေအိုင်စီ-ကရင်သတင်းဌာနက အချက်အလက်စိစစ်ကြည့်ရာ သတင်းအမှားဖြစ်သည်။

#သတင်းအမှားဖြစ်ကြောင်း စိစစ်ခြင်း
စစ်လော်ဘီများ အသုံးပြုထားသည့် ဓာတ်ပုံ(၃)ပုံအနက် (၂)ပုံသည် AI ဖြင့်ဖန်တီးထားသည့် ပုံများဖြစ်ကြောင်း သာမန်အမြင်အားဖြင့် ထင်ရှားနေသည်။ ကျန်ပုံတစ်ပုံမှာလည်း KNLA တပ်ဖွဲ့ဝင် ဘက်တံဆိပ်ကအစ ကွာခြားနေသော်လည်း AI ဖြင့်ဖန်တီးထားခြင်းဟုတ်မဟုတ် စိစစ်ပေးနိုင်သည့် AI or Not ဝက်ဆိုက်ဒ်မှာစစ်ဆေးကြည့်ရာ AI, Deep Fake နည်းပညာဖြင့်ဖန်တီးထားသော ပုံဖြစ်ကြောင်း ဖော်ပြသည်။

ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ မူတြော်/ဖာပွန်ခရိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း KNLA တပ်ဖွဲ့ဝင်များ အချင်းများ၊ ပစ်ခတ်သတ်ဖြတ်မှုရှိမရှိ Google မှ “ဖာပွန်တိုက်ပွဲ” “ဖာပွန်ပစ်ခတ်မှု” “တပ်မဟာ(၅) တပ်မဟာ(၇) ရဲဘော်အချင်းချင်းပစ်ခတ်မှု” Keyword များဖြင့် ရှာဖွေရာ သတင်းလုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေကြသည့် သတင်းမီဒီယာများ၏ ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း KNLA ပူးပေါင်းတပ်များနှင့် စစ်အုပ်စုတပ်များ တိုက်ပွဲဖြစ်ပွားမှု သတင်းကိုသာ ဖော်ပြပြီး KNLA တပ်ဖွဲ့ဝင်အချင်းချင်း စကားများ၊ ပစ်ခတ်မှုကို သတင်းဖော်ပြခြင်းမရှိပေ။

DVB သတင်းဌာန၏ ဖေဖော်ဝါရီလ (၁၁)ရက်၊ ၂၀၂၆ ခုနှစ်တွင် တင်ဆက်ထားသည့်သတင်းအရ စစ်အုပ်စု၏ဖာပွန်အခြေစိုက် ဗျူဟာစခန်းကုန်းကို KNLA က သိမ်းပိုက်ရန် ပိတ်ဆို့တိုက်ခိုက်ရာတွင် ထိုးဖောက်ရန်ကြိုးပမ်းသည့် စစ်အုပ်စုနှင့်နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်သည်။

DVB – https://shorturl.at/mTOBn

တိုက်ပွဲသည် စစ်အုပ်စုစစ်ကြောင်းများ မြေပြင်မှအင်အားဖြည့်ဝင်ရောက်လာသော ပြီးခဲ့သည့် မေလပိုင်းမှ ဇွန်လအထိ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများပြားကြောင်း ကေအိုင်စီ-ကရင်သတင်းဌာနက ဇွန်လ(၂၆)ရက်နေ့သတင်းတွင် ဖော်ပြသည်။

KIC – https://shorturl.at/SATPQ

ထို့အတူ Mizzima ၏ ယခု ဇူလိုင်(၂၅)ရက်နေ့ သတင်းတွင်လည်း ထိုအကြောင်းကိုဖော်ပြထားပြီး စစ်အုပ်စုက ဖာပွန်မြို့နှင့်ဖာပွန်ဗျူဟာပြန်ရရေး အင်အားအပြည့်ဖြင့်ကြိုးပမ်းနေကြောင်း သိရသည်။

Mizzima – https://shorturl.at/TILEC
သို့သော် ရှေ့ဆက်မတိုးနိုင်ဘဲ စစ်အုပ်စုက ကျေးရွာများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသည်ဟု Than Lwin Time ၏ ဇူလိုင် (၂၄)ရက်နေ့က ဖော်ပြသည်။

Than Lwin Time- https://shorturl.at/iDqCM

#သတင်းအမှားနှင့်ပတ်သက်၍ တပ်မဟာ(၅)ဖြေရှင်းချက်
ဖာပွန်တိုက်ပွဲအတွင်း တပ်မဟာ(၇)ဘက်က တပ်ဖွဲ့ဝင်များနှင့် တပ်မဟာ(၅) တပ်ဖွဲ့ဝင်များ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားသည်အထိ သဘောထားကွဲလွဲမှုရှိ၊ မရှိ တပ်မဟာ(၅) ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောထို့ရော်ဘင်ထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းရာတွင်လည်း
“ဒီလိုဖြစ်တာမရှိပါလား။ မရှိပါဘူး တကယ်ကိုမရှိတာ သပ်သပ်ကြီးဝါဒဖြန့်တာပဲ “ ဟု ၎င်းက ငြင်းဆိုမှတ်ချက် ပေးသည်။

#သုံးသပ်ချက်
ကေအဲန်ယူ၊ မူတြော်/ဖာပွန်ခရိုင်ကို နယ်မြေစိုးမိုးမှုရရေး အင်တိုက်အားတိုက် ကြိုးပမ်းနေသည့်စစ်အုပ်စုမှာ အချိန်ကာလအားဖြင့် လချီကြာမြင့်နေသော်လည်း ရည်ရွယ်ချက်ကိုမရောက်နိုင်ဘဲရှိနေကြောင်း ဖော်ပြပါ သတင်းဌာနများကို လေ့လာကြည့်ခြင်းဖြင့် သိရသည်။ ယင်းကြောင့် တပ်မဟာ(၅)နှင့်ပတ်သက်သည့် သတင်းအမှားများကို လုပ်ကြံဖန်တီးနေပြီး ထိုအထဲမှ ဝါဒဖြန့်သတင်းတစ်ခုကို ဇူလိုင်လ(၁)ရက်နေ့က ကေအိုင်စီမှ အချက်အလက်စစ်ဆေးခဲ့ခြင်းရှိသည်။

KIC က အချက်အလက်စိစစ်ခဲ့သည့် သတင်း – https://shorturl.at/EBErU

ထို့အပြင် အခြေအမြစ်မရှိသည့် သတင်းအရင်းအမြစ်များဖြင့် AI Generated ရုပ်ပုံများကိုအသုံးပြုကာ နည်းပညာနှင့်အကျွမ်းတဝင်မရှိသည့် စာဖတ်ပရိတ်သတ်က သတင်းအမှားအား ယုံကြည်လာအောင် လှည့်စားထားခြင်းကိုလည်း သက်သေပြနိုင်ခဲ့သည်။

အလားတူ အဆိုပါသတင်းအမှားအား MFCN အဖွဲ့ဝင် သတင်းဌာနတစ်ခုဖြစ်သည့် Myanmar Press Photo Agency ကလည်း လုပ်ကြံသတင်းဖြစ်ကြောင်း ဇူလိုင်(၂၀)ရက်နေ့က တင်ဆက်ထားပြီး KNLA စစ်ဦးစီးချုပ်အပြောင်းအလဲကြောင့် ဖြစ်ကြောင်း ဖော်ပြသည်။

MPA- https://shorturl.at/xOBK2

စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork