Home သတင်း နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးနိုင်သည့် စည်းမျဥ်း(၆)ချက်ကို ထိုင်းအစိုးရအဖွဲ့အတည်ပြု

နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးနိုင်သည့် စည်းမျဥ်း(၆)ချက်ကို ထိုင်းအစိုးရအဖွဲ့အတည်ပြု

18
Photo: Thai Cabinet News

ဇူလိုင် (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံသို့တရားမဝင်နည်းလမ်းဖြင့်ဝင်ရောက်လာသူ၊ တရားမဝင်အလုပ်လုပ်ကိုင်သူနှင့် ထိုင်းအစိုးရသတ်မှတ်ထားသည့်စည်းမျဥ်းများကို ချိုးဖောက်သူ နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးနိုင်သည့် စည်းမျဥ်း/အကြောင်းအရင်း (၆)ချက်ကို အစိုးရအဖွဲ့က ဇူလိုင်လ(၁၄)ရက်နေ့က အတည်ပြုလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ထိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေကိုမြှင့်တင်ရန် ဒုတိယဝန်ကြီးချုပ်အား တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတင်ပြချက်အရ ပြည်နှင်ဒဏ်ပေးမှုပိုမိုမြန်ဆန်လာရေးကို ရည်ရွယ်သည့် အစိုးရအဖွဲ့၏ အတည်ပြုမှုထွက်ပေါ်လာသည်ဟု ဆိုသည်။

အဆိုပါစည်းမျဥ်းများတွင် ထိုင်းနိုင်ငံသို့တရားမဝင်နည်းဖြင့် လာရောက်နေထိုင်ခြင်း၊ တရားမဝင်အလုပ်လုပ်ခြင်း၊ ထိုင်းအစိုးရသတ်မှတ်ထားသည့် နိုင်ငံခြားသားစီးပွားရေးဥပဒေများကို ချိုးဖောက်၍ စီးပွားရေးလုပ်ခြင်း၊ အစိုးရ၏စာရွက်စာတမ်းများကို အတုလုပ် အသုံးပြုခြင်းတို့ ပါဝင်သည်။

ထို့အပြင် ဖော်ပြပါပြစ်မှုများကျူးလွန်ရန် အားပေးကူညီသူနှင့် ထောင်ဒဏ်(၃)နှစ်နှင့်အထက် ပြစ်မှုကျူးလွန်ထားသူများမှာ စည်းမျဥ်းအရ အရေးယူခံရမည့်ထဲတွင် အကျုံးဝင်ပြီး ပြည်နှင်ဒဏ်ပေးခံရမည် ဖြစ်သည်။

ထိုင်းအစိုးရအဖွဲ့၏အတည်ပြုချက်နှင့်ပတ်သက်၍ နိုင်ငံရေးနောက်ခံရှိနေသည့်ရွှေ့ပြောင်းမြန်မာများအတွက်မူ အသက်အန္တရာယ်အထိရှိနိုင်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက သုံးသပ်ပြောဆိုသည်။

“နိုင်ငံရေးနောက်ခံမရှိတဲ့သူက စစ်မှုထမ်းလိုက်ရင် ငွေပေးလိုက်ရင် ပြီးသွားနိုင်ပေမယ့် နိုင်ငံရေးနောက်ခံရှိတဲ့သူတွေအတွက်ကတော့ သေတွင်းပို့လိုက်သလိုဖြစ်စေတယ်။ ဒီဥပဒေက ထိုင်းအမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကောင်းတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက လာမယ့်သူတွေအတွက်က သေမင်းနှုတ်ခမ်းဝကို အရောက်ပို့တဲ့သဘောမျိုးပဲ” ဟု ဦးမိုးကြိုးက ပြောသည်။

Photo: Thai Cabinet News

ထိုင်းအစိုးရအဖွဲ့က ပြည်နှင်ဒဏ်ဥပဒေအမိန့်ထုတ်ပြန်ရန်နှင့် မိခင်နိုင်ငံသို့ပြန်ပို့ရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ပေးထားပြီး မည်သည့်နိုင်ငံသားဖြစ်ကြောင်း အတည်မပြုနိုင်သူများကိုမူ ထိုင်းသို့မရောက်ခင် နောက်ဆုံးနေထိုင်ခဲ့သည့်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ထို့အတူ ပြည်နှင်ဒဏ်ရင်ဆိုင်နေရသူက မိခင်နိုင်ငံသား မဟုတ်သော်လည်း ၎င်းကိုယ်တိုင် စာဖြင့် ရေးသားသဘောတူညီပါက၊ သက်ဆိုင်ရာ တဖက်နိုင်ငံ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းမှ သံတမန်လမ်းကြောင်းမှတစ်ဆင့် လွှဲပြောင်းပေးရန် တောင်းဆိုနိုင်ကြောင်းလည်း သိရသည်။

သို့သော် အဆိုပါ လက်ခံမည့်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းအနေဖြင့် ပြည်နှင်ဒဏ်ရင်ဆိုင်နေရသူအား စောင့်ရှောက်ခြင်းဆိုင်ရာ ကုန်ကျစရိတ်အားလုံးကို ကျခံရန် သဘောတူရမည် ဖြစ်သည်။

လက်ရှိအချိန်သည် ထိုင်းအစိုးရက ထိုင်းနိုင်ငံအတွင်းဝင်ရောက်နေထိုင်သူ နိုင်ငံခြားသားများကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးအရေးယူမှုရှိနေသည့်ကာလဖြစ်သောကြောင့် မြန်မာမှထိုင်းသို့တရားမဝင်လာရောက်ခြင်းမပြုရန် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအဖွဲ့များက သတိပေးပြောဆိုခြင်းရှိသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှသွားရောက်အလုပ်လုပ်ကိုင်နေသည့် လုပ်သား သန်းနှင့်ချီရှိကြောင်း အလုပ်သမားအဖွဲ့အစည်းများနှင့် အစိုးရဌာနများ စာရင်းအရ သိရသည်။ ထို့အတူ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ (IOM) ကလည်း ယခု ၂၀၂၆ ခုနှစ် ပထမ လေးလတာအတွင်းပင် ထိုင်းကိုရောက်လာသည့်မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ရှိသည်ဟု ထုတ်ပြန်ထားသည်။