Home သတင်း ထိုင်းတွင် ယာဥ်တိုက်မှုကြောင့် သံဃာတော်(၁၀)ပါးသေဆုံးမှု ကျူးလွန်သူကလေးငယ်ကို ယာဥ်မောင်းသင်ပေးသူရှိ၊ မရှိ ရဲတပ်ဖွဲ့စုံစမ်းနေ

ထိုင်းတွင် ယာဥ်တိုက်မှုကြောင့် သံဃာတော်(၁၀)ပါးသေဆုံးမှု ကျူးလွန်သူကလေးငယ်ကို ယာဥ်မောင်းသင်ပေးသူရှိ၊ မရှိ ရဲတပ်ဖွဲ့စုံစမ်းနေ

12
Photo : Bangkok Post

ဇူလိုင် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မုဒါဟန်ခရိုင်၊ နာဆီနွန်ကျေးရွာအနီး လမ်းမကြီးတစ်ခုပေါ်၌ ဇူလိုင်လ(၂)ရက်နေ့က ဖြစ်ပွားခဲ့သော သံဃာတော်(၁၀)ပါးသေဆုံးမှု ယာဥ်တိုက်မှုဖြစ်စဥ်အပေါ် ကျူးလွန်သူကလေးငယ်အား လူကြီးတစ်ဦးဦးက ယာဥ်မောင်းသင်ပေးခဲ့ခြင်းရှိ၊ မရှိ ထိုင်းရဲတပ်ဖွဲ့မှ စုံစမ်းနေကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။

အူဘွန်ရချ်ဌာနီခရိုင်၊ နမ်ခွမ်ဒေသမှ မုဒါဟန်ခရိုင်၊ နာဆီနွန်ကျေးရွာဘက်သို့ ဒေသစာရီ ကြွချီလာသော သံဃာတော်များအား အသက်(၁၁)နှစ်အရွယ် ကလေးငယ်မောင်းနှင်လာသည့် မော်တော်ယာဥ်တစ်စီးက တိုက်မိခဲ့ရာ သံဃာတော်(၁၀)ပါးသေဆုံးကာ (၁၀)ပါးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မုဒါဟန်ရဲစခန်းမှ အဆိုပါဖြစ်စဥ်အပေါ် စုံစမ်းရာတွင် ယာဥ်မောင်းနှင်သူကလေးငယ်မှာ အော်တစ်ဇင် (Autistic) ဝေဒနာရှင်ဖြစ်ကြောင်း သိရပြီး ၎င်းမှာ ယခင်က မော်တော်ယာဥ်မောင်းနှင်ဖူးခြင်း (သို့မဟုတ်) လူကြီးတစ်ဦးဦးမှ ယာဥ်မောင်းသင်ပေးခြင်း၊ လေ့ကျင့်မောင်းနှင်ခွင့်ပြုခြင်း ရှိ မရှိ ရဲတပ်ဖွဲ့က စစ်ဆေးနေသည်ဟု ဆိုသည်။

စုံစမ်းမှုမှရရှိလာသော အချက်အလက်များအရ တရားစွဲဆိုမှုပြုလုပ်မည်ဖြစ်ပြီး လက်ရှိတွင် ကလေးငယ်၏မိသားစုများအပါအဝင် ၎င်းတက်ရောက်နေသည့် မုဒါဟန်ခရိုင်၊ အထူးသင်ကြားရေးစင်တာလက်အောက်ရှိ ဆရာ၊ ဆရာမများကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့ပြီးကြောင်း သိရသည်။

အဆိုပါကလေးငယ်မှာ ပြောဆိုမှုနှင့်လိုက်လျောညီထွေနေထိုင်နိုင်မှု အခက်အခဲရှိသဖြင့် ၂၀၂၁ ခုနှစ်ကတည်းက သင်ကြားရေးစင်တာ၌ ကျောင်းအပ်နှံခဲ့ပြီး သူ၏မိသားစုဝင်များက ကား (သို့မဟုတ်) ဆိုင်ကယ်ဖြင့် ကျောင်းလာပို့စဥ်တွင်လည်း မြင်ကွင်းများကိုမှတ်သားနိုင်သည်အထိ မှတ်ဉာဏ်ကောင်းမွန်သူဖြစ်ကြောင်း တာဝန်ရှိသူမှ ရဲတပ်ဖွဲ့ထံ ဖြေကြားထားသည်။

အမှုစုံစမ်းစစ်ဆေးနေသည့်အခြေအနေတွင် ကလေးငယ်အား ထိုင်းနိုင်ငံ၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာန(MSDHS)မှ စောင့်ရှောက်ထားသည်ဟုလည်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ထိုင်းနိုင်ငံ၏ရာဇသတ်ကြီးဥပဒေပုဒ်မအရ အသက်(၁၂)အောက်ကလေးငယ်များ ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ်ပြစ်ဒဏ်ကျခံမှုမှ ကင်းလွတ်ခွင့်ရှိသော်လည်း ကလေးမိဘ၊ အုပ်ထိန်းသူမှာမူ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ကလေးထိန်းကျောင်းပေါ့ဆမှုဖြင့် ငွေဒဏ်နှင့်ထောင်ဒဏ်များ ကျခံရန် အပြစ်ပေးပိုင်ခွင့်ရှိနေသည်။