Home သတင်း ကျပ်ငွေ သန်းပေါင်းတစ်သောင်းခွဲ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကေအဲန်ယူ တောင်ငူခရိုင်တွင် မီးရှို့ဖျက်ဆီး

ကျပ်ငွေ သန်းပေါင်းတစ်သောင်းခွဲ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကေအဲန်ယူ တောင်ငူခရိုင်တွင် မီးရှို့ဖျက်ဆီး

13
Photo: KNU

ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)နယ်မြေ၊ တောအူး/တောင်ငူခရိုင်အတွင်း ဖမ်းဆီးရမိသည့် မြန်မာကျပ်ငွေ သန်းပေါင်းတစ်သောင်းခွဲ(၁၅,၀၀၀ သန်း)တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို ပြီးခဲ့သည့်ဇွန်လ(၂၆)ရက်နေ့က သက်ဆိုင်ရာအဖွဲ့များဦးဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ က ယမန်နေ့တွင် ထုတ်ပြန်သည်။

ကေအဲန်ယူ တောအူးခရိုင်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF တို့ဦးဆောင်၍ စိတ်ကြွမူးယစ်ဆေး ICE (အိုက်စ်) အမျိုးအစား (၁,၀၂၅)ကီလိုဂရမ်နှင့် WY အလုံးရေ ၃ သိန်းကျော်ကို ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် နယ်မြေတစ်နေရာ၌ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မူးယစ်ဆေးတင်ဆောင်လာသူများကိုလည်း ချမှတ်ထားသည့် ကော်သူးလေ မူးယစ်ဆေးဥပဒေနှင့်အညီ အရေးယူသွားရန်ဖြစ်ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြစ်ဒဏ်အနည်းအများသတ်မှတ်ထားသလို သက်ဆိုင်ရာအဖွဲ့တာဝန်ရှိသူများကလည်း ခရိုင်နယ်မြေအလိုက် မူးယစ်ဆေးသယ်ယူ သိုလှောင်မှုအပေါ် ဖော်ထုတ်စစ်ဆေး၍ စိတ်ကြွဆေးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းရှိသည်။

ယခုနှစ်ထဲတွင်လည်း တပ်မဟာ(၅)၊ မူတြော်ခရိုင်နယ်မြေအတွင်း ဖမ်းဆီးရရှိထားသည့် မူးယစ်ဆေး(၉)သန်းကျော်ကို ကေအဲန်ယူ နယ်စပ်ရေးရာကော်မတီ၊ ကရင်ရဲတပ်ဖွဲ့တို့ဦးဆောင်ကာ ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ မီးရှို့ဖျက်ဆီးခဲ့သည့်လှုပ်ရှားမှု ပြုလုပ်ခဲ့သေးသည်။

Photo: KNU