Home တွေ့ဆုံမေးမြန်းခန်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေနှင့်တွေ့ဆုံမေးမြန်းခြင်း။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေနှင့်တွေ့ဆုံမေးမြန်းခြင်း။

18

“လွတ်လပ်ရေးနဲ့ကိုယ်ပိုင်အုပ်ချုပ်မှုကို မြင်တွေ့ချင်တယ်ဆိုရင် တစ်မျိုးသားလုံးအတူတူ ပူးပေါင်းပါဝင်ပြီး လူမျိုးအတွက် လွတ်လပ်ရေးကို တည်ဆောက်ရမှာဖြစ်တယ်”

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေနှင့်တွေ့ဆုံမေးမြန်းခြင်း။

ဇူလိုင် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ယနေ့ (ဇူလိုင်လ ၁၆ ရက်နေ့) ဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ဖွဲ့စည်းတည်ထောင်ခြင်းရဲ့ (၇၉) နှစ်မြောက်နေ့ဖြစ်ပါတယ်။
ကရင်လူထုနဲ့ကေအဲန်ယူရဲ့နိုင်ငံရေးဦးဆောင်မှုကို အကာအကွယ်ပေးဖို့ ဖွဲ့စည်းခဲ့တဲ့ KNDO ရဲ့နှစ်ပတ်လည်နေ့မှာ KNDO ဖြစ်လာပုံ၊ တပ်ဖွဲ့ရည်ရွယ်ချက်နဲ့ယနေ့ခေတ်အခြေအနေ ကိုက်ညီမှုရှိမရှိ၊ လူငယ်တွေကို တိုက်တွန်းအားပေးစကား စသဖြင့် သိရှိနိုင်ဖို့ KNDO ရဲ့လက်ရှိ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေနဲ့ ကေအိုင်စီ-ကရင်သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။ ပထမဆုံးအနေနဲ့ KNDO ဖြစ်ပေါ်လာပုံ၊ ရည်မှန်းချက်နဲ့ တပ်ဖွဲ့လှုပ်ရှားမှုတွေကို ပြောပြပေးပါဦး။
ဖြေ။ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပေါ်လာပုံအစနဲ့ ရည်မှန်းချက်ကိုပြောရရင်တော့ အရှည်ကြီးပါပဲ။ ဒါပေမဲ့ အတိုချုပ်ပြောရရင် ၁၉၄၇ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၅ ရက်နေ့မှာ KNU ကို စဖွဲ့စည်းခဲ့ပါတယ်။ KNU ကိုဖွဲ့စည်းအပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်မှာ KNDO ကိုဖွဲ့စည်းခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ တော်တော်လေးကျယ်ပြန့်ပါတယ်။ ပထမအချက်က KNDO ဟာ ခေါင်းဆောင်တွေရဲ့လုံခြုံရေးကို တာဝန်ယူရပါတယ်။ နိုင်ငံရေးလှုပ်ရှားနေတဲ့ခေါင်းဆောင်တွေ၊ ကရင်ပြည်လွပ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ကျနော်တို့ရဲ့ KNU ခေါင်းဆောင်တွေရဲ့ အသက်နဲ့လုံခြုံရေးအတွက် KNDO က တာဝန်ယူရပါတယ်။ ဒုတိယ အချက်အနေနဲ့ ဖဆပလ ခေတ်မှာ ကရင်စစ်တပ်နဲ့ဗမာစစ်တပ်ကြား အပြန်အလှန်တိုက်ခိုက်မှုတွေပြင်းထန်ပြီး ကျနော်တို့ကရင်လူမျိုးတွေအပေါ်မှာ ဖိနှိပ်တိုက်ခိုက်တာတွေလည်း ခံရတာကြောင့် ကရင်လူထုတွေအပေါ် ဖိနှိပ်ညှင်းပမ်းသတ်ဖြတ်တာ မတရားလုပ်တာတွေမခံရအောင် ကာကွယ်စောင့်ရှောက်ဖို့ရည်ရွယ်ပြီး KNDO ကို ဖွဲ့စည်းတာဝန်ပေးရခြင်းဖြစ်ပါတယ်။

အဲဒီလိုပဲ ကရင်လူထုတွေရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ မြေနေရာတွေကို မတရားသိမ်းဆည်းတာ နှင်ထုတ်တာတွေမခံရအောင် KNDO အနေနဲ့ ပြဿနာအရပ်ရပ်ကိုဖြေရှင်းပြီး ကာကွယ်ကြည့်ရှုစောင့်ရှောက်ဖို့ကလည်း ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ KNDO ရဲ့နိုင်ငံရေးလှုပ်ရှားမှု အခြားတစ်ချက်ကတော့ ကရင်တစ်မျိုးသားလုံးရဲ့ငြိမ်းချမ်းရေးနဲ့ကရင်ပြည်လွတ်လပ်ရေးအတွက် ကျနော်တို့က ငြိမ်းချမ်းရေးလမ်းစဉ်နဲ့တောင်းဆိုတယ် ဒါပေမဲ့လည်း ရန်သူတွေက ကျနော်တို့ကို ငြိမ်းချမ်းရေးမပေးဘဲ အကြမ်းဖက်မှုနဲ့တုံ့ပြန်လာခဲ့ရင် ပြန်လည်ခုခံဖို့ KNDO ဆိုတာ အဆင်သင့်ဖြစ်နေရမဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်တယ်။

မေး။ လက်ရှိကရင်တွေရဲ့နိုင်ငံရေးလှုပ်ရှားမှုက KNDO ရဲ့ရည်ရွယ်ချက်နဲ့ရော ကိုက်ညီမှုရှိပါသလား။
ဖြေ။ လက်ရှိကရင်တွေရဲ့နိုင်ငံရေးလှုပ်ရှားမှုက KNDO ရဲ့ရည်ရွယ်ချက်နဲ့ကိုက်ညီမှုရှိလား၊ မရှိဘူးလားဆိုတာ တစ်ခါတလေ ကျနော်တို့အနေနဲ့လည်း ပြတ်ပြတ်သားသားမဖြေနိုင်ဘူး။ ကိုက်ညီမှုရှိတဲ့အချက်တွေဆိုရင်လည်း အများကြီးရှိသလို မကိုက်ညီတာလည်း ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရီးစဉ်က အရမ်းကြာတယ်။ ၁၉၄၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိဆို (၇၉) နှစ်ကြာခဲ့ပြီ။ ပထမမျိုးဆက်က ကျော်လွန်သွားပါပြီ။ ဒုတိယမျိုးဆက်လည်း ကျော်လွန်ဖို့နီးလာပါပြီ။ အခုကာလမှာ ကရင်တွေထဲမှာ ပညာတတ်လာတဲ့သူတွေ၊ ကျွမ်းကျင်ပညာရှင်တွေ အမျိုးမျိုးရှိလာတယ်။ ဆရာအမျိုးမျိုးရှိတော့ ရောဂါအမျိုးမျိုးလည်း ကရင့်တော်လှန်ရေးထဲ စိမ့်ဝင်လာတယ်။ တစ်ချို့က အရင်မိဘ၊ ဘိုးဘေးနဲ့ ခေါင်းဆောင်တွေ ထားရှိပေးတဲ့လမ်းပေါ်မှာ နိုင်ငံနဲ့လူမျိုးအဖို့ ရပ်တည်ကြပြီး ကိုယ့်လူမျိုးကိုကာကွယ်ဖို့နဲ့ လွတ်လပ်တဲ့ကရင်ပြည်ရရှိဖို့အထိ လုပ်ဆောင်ကြတယ်။
တစ်ချို့တွေကတော့ ရန်သူရဲ့သွေးဆောင်လှည့်ဖြားမှုတွေကြောင့် သူတို့ကိုယ်တိုင်က ကိုယ့်လူမျိုးအချင်းချင်းရဲ့ရန်သူတွေဖြစ်သွားကြတယ်။ တစ်ချို့တွေက တော်လှန်ရေးကိုစိတ်ကုန်သွားပြီး တော်လှန်ရေးကိုစွန့်ခွာသွားကြတယ်။ တစ်ချို့ကလည်း တော်လှန်ရေးအပေါ်သစ္စာရှိပြီး တော်လှန်ရေးကို ဇောက်ချလုပ်နေတဲ့သူတွေ စသဖြင့် အမျိုးမျိုးရှိပါတယ်။

မေး။ ဒီနေ့ခေတ် နိုင်ငံရေးနဲ့စစ်ပွဲအခြေအနေအပေါ်မှာ KNDO ရဲ့ကဏ္ဍက ဘယ်လောက်အရေးပါသလဲဆိုတာရယ် ဘာအပြောင်းအလဲတွေရှိလာလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ KNDO က ယခုလက်ရှိအခြေအနေအပေါ်မှာ အရမ်းကိုအရေးပါ သက်ရောက်မှုရှိပါတယ်။ ကနဦးတုန်းက KNDO ကို လုပ်ဖို့တာဝန်နှစ်ခု ပေးအပ်ထားတယ်။ ပထမအချက်က ကာကွယ်ရေးလုပ်ဖို့အတွက်ဖြစ်ပြီး၊ ဒုတိယအချက်က ငြိမ်းချမ်းရေးလုပ်ဖို့အတွက်ပါ။ အခုကာလမှာတော့ စစ်ရေးအလုပ်လည်းလုပ်ဆောင်ဖို့ KNDO က တာဝန်ပေးအပ်ခြင်းခံရတယ်။ ကျနော်တို့က စစ်တိုက်တဲ့တပ်ဖွဲ့တစ်ဖွဲ့လည်းဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ ကာကွယ်ရေးအလုပ် လုပ်ဖို့လည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူက ကျနော်တို့နဲ့ ငြိမ်းချမ်းရေးနည်းလမ်းနဲ့ မဆွေးနွေးတော့ဘဲ လက်နက်နဲ့ပဲတုံ့ပြန်တော့တယ်။ အဲဒါကြောင့် ကျနော်တို့လည်း လက်နက်ကိုင်တဲ့သူတွေဖြစ်သည့်နည်းတူ ကာကွယ်ရေးအလုပ်ကိုလုပ်ရတဲ့ အင်မတန်အရေးပါတဲ့ အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်ပါတယ်။

KNDO ဟာ လူမျိုးအတွက်အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ရမှာဖြစ်ပြီး KNDO ရဲ့ ယခုကာလမှာ လုပ်ရမဲ့တာဝန်ကလည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကာလမှာ ရန်သူတွေက ကျနော်တို့ကို အကြမ်းဖက်နည်းလမ်းနဲ့ပဲတုံ့ပြန်ပါတယ်။ ကျနော်တို့နဲ့ ငြိမ်းချမ်းသောနည်းလမ်းနဲ့ဆွေးနွေးပြောဆိုတာ မလုပ်ပါဘူး။ ကျနော်တို့ကို လေယာဉ်နဲ့တိုက်ခိုက်တယ်၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်တယ်၊ စစ်သားတွေနဲ့တိုက်ခိုက်တယ်။ အဲဒါကြောင့် ကျနော်တို့ KNDO အနေနဲ့ ကိုယ့်လူမျိုးကို ကာကွယ်တဲ့အဖွဲ့အစည်းလို့ ခံယူထားတာကြောင့် ရန်သူက ကိုယ့်လူမျိုးကို လက်နက်နဲ့တိုက်ခိုက်တာကြောင့် ကျနော်တို့အနေနဲ့လည်း ကိုယ့်လူမျိုးကို လက်နက်နဲ့ကာကွယ်ရတာကြောင့် KNDO ဟာ အရေးပါတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုတာ ကိုယ်တိုင် သိကြရမှာဖြစ်ပါတယ်။

မေး။ ဒီကနေ့ KNDO ရဲ့(၇၉)နှစ်ပြည့်နေ့မှာ ကရင်လူငယ်တွေကို သင်ယူစေချင်တာကရော ဘာတွေဖြစ်မလဲ။
ဖြေ။ ဒီနေ့ကျရောက်တဲ့ KNDO ရဲ့ ၇၉ ကြိမ်မြောက်နေ့မှာ ကျနော်က KNDO ရဲ့အဓိကတာဝန်ရှိသူတစ်ဦး ဖြစ်တဲ့အလျောက် ကျနော့်ရဲ့လူမျိုးထဲက လူငယ်တွေဖြစ်ဖြစ် လူကြီးတွေဖြစ်ဖြစ်၊ ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာရောနေထိုင်နေတဲ့ ကရင်လူမျိုးအားလုံးကိုတိုက်တွန်းချင်တာကတော့ KNDO တစ်ဖွဲ့တည်းက နိုင်ငံနဲ့လူမျိုးအတွက် ကာကွယ်ရေးအလုပ်လုပ်လို့မရပါဘူး။ ရန်သူက နည်းလမ်းအသွယ်သွယ်နဲ့ တိုက်ခိုက်နေတာကြောင့် ကျနော်တို့ဟာ ကျနော်တို့အိပ်မက်ထားရှိတဲ့အတိုင်း လွတ်လပ်ရေးနဲ့ကိုယ်ပိုင်နိုင်ငံကို ပိုင်ဆိုင်ချင်တယ် မြင်တွေ့ချင်တယ်ဆိုရင် ကျနော်တို့အားလုံးမှာတာဝန်ရှိပါတယ်။ မျိုးဆက်တစ်ဆက်လွန်သွားပြီးနောက် တစ်ဆက်ဖြစ်လာတဲ့နည်းတူ ကရင်လူငယ်တွေဟာ အမြဲတမ်းအဆင်သင့်ဖြစ်နေရပါမယ်။

လွတ်လပ်ရေးနဲ့ကိုယ်ပိုင်အုပ်ချုပ်မှုကိုမြင်တွေ့ချင်တယ်ဆိုရင် တစ်မျိုးသားလုံးအတူတူ ပူးပေါင်းပါဝင်ပြီး လူမျိုးအတွက်လွတ်လပ်ရေးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေ ပြောနေကျဆိုရိုးစကားအတိုင်း ကိုယ့်လူမျိုးရဲ့ကံကြမ္မာကို ကိုယ့်လူမျိုးကပဲဖန်တီးရမှာဖြစ်တယ်ဆိုတာကို ဦးနှောက်ထဲမှာသေချာထည့်သိမ်းရမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ယုန်တစ်ကောင် ခြုံပုတ်တစ်ပုတ်လိုနေမယ်ဆိုရင် ကျားစာဖြစ်သွားလိမ့်မယ်။

အခုလက်ရှိအခြေအနေမှာ တစ်ခါတလေ ကျနော်တို့တွေ့ရတာက ကရင်လူမျိုးဖြစ်ပေမဲ့ ကိုယ့်လူမျိုးအတွက် ဘာမှမလုပ်ပေးတဲ့လူစားမျိုးတွေ အများကြီးရှိပါတယ်။ သူတို့တွေက ကိုယ့်လူမျိုးအတွက် အလုပ်လုပ်နေတဲ့လူတွေကို စိတ်ဓာတ်ကျအောင်‌ပြောဆို၊ ဆဲဆိုကြတာတွေ အများကြီးရှိတာကိုလည်း တွေ့ရပါတယ်။ အဲဒါတွေက အပေါင်းလက္ခဏာမဟုတ်ပါဘူး။ အဲဒါတွေက စည်းလုံးမှုလမ်းစဉ်မဟုတ်ဘူး။ အဲဒါတွေက ကရင်တွေလွတ်လပ်ရေးရဖို့ ပန်းတိုင်ဆီကိုဦးတည်သွားနေတဲ့လမ်း မဟုတ်ဘူး။ တတ်နိုင်ရင် ဒေါသတွေ၊ စိတ်ညစ်တာတွေ၊ စိတ်မခိုင်မာမှုတွေကို လျှော့ချပြီး အတူတကွပေါင်းစည်းကြပါ။

မေး။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ကေအဲန်ယူရဲ့အုပ်ချုပ်ရေးအပိုင်းမှာဖြစ်စေ၊ ကရင့်တပ်မတော်ရဲ့စစ်ရေးလှုပ်ရှားမှုအထဲမှာဖြစ်စေ၊ ကဏ္ဍအားလုံးနီးပါးမှာဖြစ်စေ လူငယ်များစွာပါဝင်လာတာကို တွေ့ရပါတယ်။ လက်ရှိမှာ ပုခုံးပြောင်းတာဝန်ကိုယူကြမယ့် လူငယ်တွေကိုရော ဘယ်လိုတိုက်တွန်းချင်ပါသလဲ။
ဖြေ။ ပြောရရင် စစ်တပ်က တောက်လျှောက်အာဏာရယူထားတာပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက် တို့ကရင်လူငယ်များစွာဟာ စစ်အုပ်စုရဲ့မတရားလုပ်ရပ်တွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လာကြပါတယ်။ ဒါပေမဲ့ ကရင်ဖြစ်စေ၊ အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်တဲ့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်စေ ကျနော်တိုက်တွန်းချင်တာက စိတ်ဓာတ်မကျလိုက်ပါနဲ့၊ စစ်အာဏာရှင်ဟာ တစ်နေ့နေ့ကျရင် မလွဲမသွေကျဆုံးမှာဖြစ်ပါတယ်။ ကျဆုံးဖို့နှေးမလား မြန်မလားဆိုတာကတော့ အမြဲအားတင်းထားရမယ်။ ကျနော်တို့လုပ်လာတာ ၃၊ ၄ နှစ်ကြာပြီဆိုပေမဲ့ စစ်အာဏာရှင်ဟာ မကျဆုံးသေးဘူးဆိုတဲ့အပေါ် စိတ်ဓာတ်ကျသွားရင် ကျနော်တို့က သူတို့ရှေ့မှာအရင်ကျဆုံးသွားမှာဖြစ်တယ်။ အဲဒါကြောင့် ကျနော်ပြောခဲ့သလို စစ်အာဏာရှင်ဟာ တစ်နေ့နေ့ကျရင် မလွဲမသွေကျဆုံးမှာပါ။ နိုင်ငံတစ်ခုဟာ ဘယ်လောက်ပဲအင်အားကြီးသည်ဖြစ်စေ၊ ဘယ်လောက်ပဲ ဖွံ့ဖြိုးတိုးတက်သည်ဖြစ်စေ အာဏာရှင်ခေါင်းဆောင်က နိုင်ငံအာဏာကိုယူထားရင် တစ်နေ့နေ့ သူ့ဘာသာသူ ပြိုလဲသွားကျသွားမယ်။ လူငယ်တွေကို စိတ်ဓာတ်မကျပါနဲ့လို့ တိုက်တွန်းချင်တယ်။

ကျနော်တို့ခေတ်မှာ မင်းအောင်လှိုင်မကျဆုံးဘဲ သူသေဆုံးပြီးသူ့နေရာကိုလူသစ်တစ်ယောက် အာဏာဆက်ထိန်းထားရင်တောင် စိတ်ဓာတ်မကျလိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ တစ်နေ့နေ့ကျရင် မလွဲမသွေ ကျဆုံးလိမ့်မယ်။ စိတ်ဓာတ်မကျလိုက်ပါနဲ့၊ စိတ်မလျှော့လိုက်ပါနဲ့၊ တစ်နေ့ မြေကြီးလက်ခတ်မလွဲ စစ်အာဏာရှင်ဟာ ဧကန်ကျဆုံးမှာဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေဟာ စိတ်အားတင်းထားရမှာဖြစ်ပြီး ဒီဆိုးသွမ်းသူတွေကို ကျနော်တို့က ပြတ်ပြတ်သားသားဆန့်ကျင်ရမှာဖြစ်ပြီး ဒီဆိုးသွမ်းသူတွေဟာ တစ်နေ့နေ့ကျဆုံးရမယ်ဆိုတာကို ကျနော်တို့သေဆုံးသွားခဲ့တဲ့နောက်ပိုင်းဆိုရင်တောင် နိုင်ငံငြိမ်းချမ်းရေးရသည့်တိုင်အောင် ကျနော်တို့သားမြေးတွေရဲ့ဦးနှောက်ထဲမှာ ရိုက်သွင်းထားရမှာဖြစ်တယ်။

မေး။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ၊ နယ်စပ်မှာဖြစ်စေ နေထိုင်တဲ့ ကရင်လူမျိုးတွေကိုပြောချင်တာကတော့ ကိုယ့်လူမျိုးအကျိုးအတွက် မလုပ်တတ်ရင်တောင်မှ ကိုယ့်လူမျိုးကိုမဆန့်ကျင်ပါနဲ့။ ကိုယ့်လူမျိုးကို အားမပေးတတ်ရင်တောင်မှ ကိုယ့်လူမျိုးကို စိတ်ဓာတ်ကျအောင်မလုပ်ပါနဲ့။ ကိုယ့်ရန်သူကိုပြိုလဲအောင်မလုပ်နိုင်ရင်တောင် ကိုယ့်လူမျိုးကိုပြိုလဲအောင်မလုပ်ပါနဲ့။ ဒါဟာ ဒီကနေ့မှာ ကျနော့်လူမျိုးကိုတိုက်တွန်းချင်တဲ့စကားပါ။