ဇူလိုင်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-Women’s League of Burma(WLB) ၏ ၁၂ ကြိမ်မြောက် ညီလာခံ (၂၀၂၆ – ၂၀၂၈) ခုနှစ် အတွက် အတွင်းရေးမှူးအဖွဲ့သစ်ကို ဒီမိုကရေစီနည်းလမ်းကျ အောင်မြင်စွာ ရွေးကောက်တင်မြှောက်ပြီးစီးခဲ့ကြောင်း WLB က ယနေ့ (ဇူလိုင် ၂၃ ရက်)တွင် ထုတ်ပြန်သည်။
အဆိုပါ အတွင်းရေးမှူးအဖွဲ့သစ် ရွေးချယ်ပွဲကို ဇူလိုင်လ (၈) ရက်မှ (၁၁) ရက်နေ့အထိ ကျင်းပသော ဒုတိယအကြိမ် မူဝါဒရေးရာဦးဆောင်အဖွဲ့ ၏ အစည်းအဝေးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးအဖြစ် မော်ဘျားမာဦး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) အဖြစ် မဖူးပွင့်သွယ် နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ခမ်းမိုင်တို့ကို ရွေးကောက်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။
အထွေထွေအတွင်းရေးမှူး ဖြစ်လာသူ မော်ဘျားမာဦးက “ ညီလာခံက ချမှတ်ထားတဲ့ နိုင်ငံရေးဦးတည်ချက်တွေကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ WLB ရဲ့ မဟာဗျူဟာအရ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ နိုင်ငံရေး ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်တိုင်း၊ ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးတွေကို ပိုမိုဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် WLB အဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖွဲ့အစည်းများ၊ မိတ်ဖက်များ၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ငြိမ်းချမ်းပြီး တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံ ပေါ်ပေါက်လာရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု အတွင်းရေးမှူးအဖွဲ့သစ်က ဆိုသည်။

ယခု အသစ်ရွေးချယ်လိုက်သည့် အတွင်းရေးမှူးအဖွဲ့သည် ဇူလိုင်လ (၁၆) ရက်နေ့မှစတင်ကာ တာဝန်များ စတင်ထမ်းဆောင်လျက်ရှိသည်။
ရှေ့ဆက်၍ ညီလာခံမှ အတည်ပြုထားသည့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ အမျိုးသမီးအခွင့်အရေးနှင့် ဂျဲန်ဒါတန်းတူရေး၊ နိုင်ငံရေးဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသည့် ဦးတည်ချက် ( ၆ )ရပ်ကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် ထိုင်းနိုင်ငံတစ်နေရာ၌ WLB ၏ ၁၂ ကြိမ်မြောက် ညီလာခံကို ကျင်းပခဲ့ပြီးနောက် အဖွဲ့ချုပ် ပိုမိုအားကောင်းလာစေရေး သုံးသပ်ချက်များအရ အတွင်းရေးမှူးအဖွဲ့သစ် ရွေးချယ်ရေးကို (၆) လ ဆိုင်းငံ့ကာ အဖွဲ့ဝင် ၅ ဦးပါဝင်သော ယာယီ အတွင်းရေးမှူးအဖွဲ့အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြသည်ဟု WLB က ဆိုသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်း၍တရားမျှတသည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေး၊ အမျိုးသမီးများ အဆင့်အတန်း မြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စသည့်လုပ်ငန်းများကို အဓိကထားလုပ်ဆောင်နေသည့် WLB အဖွဲ့ကို တိုင်းရင်းသားဒေသရှိ အမျိုးသမီးများစုပေါင်း၍ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင်စတင်တည် ထောင်ခဲ့ခြင်းဖြစ်သည်။



















