Home သတင်း KDHW တံဆိပ်ကို ကျန်းမာရေးကဏ္ဍမှလွဲ၍ အခြားနည်းလမ်းဖြင့် အသုံးပြုခြင်း ခွင့်မပြုဟု ဌာနတာဝန်ခံပြော

KDHW တံဆိပ်ကို ကျန်းမာရေးကဏ္ဍမှလွဲ၍ အခြားနည်းလမ်းဖြင့် အသုံးပြုခြင်း ခွင့်မပြုဟု ဌာနတာဝန်ခံပြော

25

ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) ၏ တရားဝင်အမှတ်တံဆိပ်ကို ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းများမှလွဲ၍ အခြားကိစ္စရပ်များတွင် အသုံးပြုခြင်းကို လုံးဝခွင့်မပြုကြောင်း ဌာနတာဝန်ခံ ပဒိုစောဒိုင်းမွန်းခင်က ကေအိုင်စီသို့ ပြောသည်။

KDHW သည် လူထု၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် ဌာနတစ်ခုဖြစ်သည့်အလျောက် ဌာန၏တံဆိပ် (လိုဂို) ကို အလွဲသုံး စားလုပ်ခြင်း သို့မဟုတ် ပုံစံတူကူးယူအသုံးပြုခြင်းအား လက်ခံမည်မဟုတ်ကြောင်း ၎င်းက ပြောဆိုခြင်းဖြစ်သည်။

“ဌာနတာဝန်ရှိသူတစ်ဦးအနေနဲ့ ဒီတံဆိပ်ကို ကော်ပီကူး အသုံးပြုတာကို လုံးဝလက်မခံပါဘူး။ ကရင် အမျိုးသားအစည်းအရုံးမှာ ဒီလိုဂိုကို အသုံးပြုခွင့်ရှိတာ KDHW တစ်ခုတည်းပဲ ဖြစ်ပါတယ်။ အခြား အသုံးပြုရိုက်နှိပ်ထားတာမျိုးရှိရင်လည်း ဆက်လက်အသုံးမပြုကြဖို့ ပြောလိုပါတယ်” ဟု ပဒိုစောဒိုင်းမွန်းခင်က ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် အခြားအဖွဲ့အစည်းတစ်ခုခုမှ KDHW ၏တံဆိပ်ကို ခွင့်ပြုချက်မရယူဘဲ ပုံတူကူးယူ အသုံးပြုနေခြင်းမျိုးရှိပါက ၎င်းအနေဖြင့် အဆိုပါလုပ်ရပ်ကို လက်ခံထားခြင်းမရှိကြောင်း ရှင်းလင်းပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း ကော်သူးလေအာမီ (KTLA) အဖွဲ့မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကော်ဖီထုပ်များတွင် ကျန်းမာရေးအာမခံချက်ရှိကြောင်း ဖော်ပြရာ၌ KDHW ၏ တံဆိပ်ကို ပုံစံတူရိုက်နှိပ်အသုံးပြုထားသည့်အတွက် ဝေဖန်မှုများထွက်ပေါ်နေခြင်းအပေါ် ပဒိုစောဒိုင်းမွန်းခင်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

KDHW သည် KNU လက်အောက်ရှိ ဌာနတစ်ခုဖြစ်အတွက် အဆိုပါတံဆိပ်ကို KNU ဗဟိုကော်မတီမှတစ်ဆင့် တရားဝင်တင်ပြ အတည်ပြုချက်ရယူထားခြင်းဖြစ်ပြီး ဌာန၏ဖွဲ့ စည်းပုံတွင်လည်း တရားဝင်ပြဋ္ဌာန်းထားသည့် အမှတ်တံဆိပ်ဖြစ်သည်။

၁၉၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် KDHW သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံပြည်သူများအတွက် ဆယ်စုနှစ်ပေါင်းများစွာ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဌာနတစ်ခု ဖြစ်သည်။