Home သတင်း မဲခေါင်မြစ်ညစ်ညမ်းမှုကိစ္စ တာဝန်ရှိသူများကိုဖော်ထုတ်ရေး ထိုင်း၊ မြန်မာပူးပေါင်းစစ်ဆေးရန် တရုတ်တောင်းဆို

မဲခေါင်မြစ်ညစ်ညမ်းမှုကိစ္စ တာဝန်ရှိသူများကိုဖော်ထုတ်ရေး ထိုင်း၊ မြန်မာပူးပေါင်းစစ်ဆေးရန် တရုတ်တောင်းဆို

23
Photo: Thai News

ဇူလိုင် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

သိပ္ပံနည်းကျ အချက်အလက်များအပေါ် အခြေခံပြီး မဲခေါင်မြစ်အတွင်းဖြစ်ပေါ်နေသော သတ္တုညစ်ညမ်းမှုအတွက် တာဝန်ရှိသူများကို စုံစမ်းဖော်ထုတ်ရေး ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံပူးတွဲစစ်ဆေးရန် တရုတ်နိုင်ငံက တောင်းဆိုသည်။

ဘန်ကောက်အခြေစိုက် တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် သံရုံးပြောရေးဆိုခွင့်ရှိသူက မဲခေါင်မြစ်ရေအတွင်း သတ္တုညစ်ညမ်းမှုအပေါ် ဆိုးကျိုးသက်ရောက်မှုကိုဖြေရှင်းရန် သက်ဆိုင်ရာ နှစ်နိုင်ငံအကြား ဆက်သွယ်ရေး၊ ညှိနှိုင်းပူးပေါင်းနှင့် ပူးတွဲစုံစမ်းရန် တောင်းဆိုထားပြီး တရုတ်အစိုးရအနေဖြင့် ပံ့ပိုးကူညီသွားမည်ဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက ချင်းမိုင်အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးနှင့် ဘန်ကောက်အခြေစိုက် တရုတ်သံရုံးများရှေ့တွင် ထိုင်းနိုင်ငံသားများ စုဝေးဆန္ဒပြမှုကိုတုံ့ပြန်သည့်အနေဖြင့် မဲခေါင်မြစ်တလျှောက် နေထိုင် သူများ၏ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုကို နားလည်သလို အထူးစောင့်ကြည်နေကြောင်းလည်း တရုတ်နိုင်ငံဘက်က တုံ့ပြန်ထားသည်။

ဘန်ကောက်အခြေစိုက် တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက “လတ်တလော ညစ်ညမ်းမှုဖြစ်ပေါ်နေတဲ့ မြစ်ကြောင်းက ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား နယ်စပ်အဖြစ်စီးဆင်းနေတဲ့ ရေကြောဖြစ်ပါတယ်။ အဲဒီပြဿနာမှာ ဘယ်သူတာဝန်ရှိလဲဆိုတာသိနိုင်ဖို့ သိပ္ပံနည်းကျ အချက်အလက်တွေကို အခြေခံပြီး ဆန်းစစ်ဖော်ထုတ်သင့်ပါတယ်” ဟု ဆိုသည်။

Photo: Thai News

မဲခေါင်မြစ်၏ ဂေဟစနစ်သည် ဆက်စပ်နေသည့်နိုင်ငံအားလုံးအတွက် အကျိုးဖြစ်ထွန်းစေသောကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသလို တရုတ်အစိုးရအနေဖြင့်လည်း မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့်အတူ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

မဲခေါင်မြစ် ညစ်ညမ်းရခြင်းသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ တရုတ် ကြောထောက်နောက်ခံပြုထားသောမြေရှားသတ္တုနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ကာ မြစ်အဆိပ်သင့်ညစ်ညမ်းမှုဖြစ်စေသည်အထိ သက်ရောက်နေခြင်းရှိသည်။ ၎င်းနောက်ဆက်တွဲအရ ထိုင်းအခြေစိုက် တရုတ်သံရုံးက တာဝန်ရှိသူများကို ထုတ်ဖော်ရန် တောင်းဆိုလာခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အတူ ထိုင်းနှင့်တရုတ်အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများမှ တာဝန်ယူ၊ တာဝန်ခံမှုပိုရှိကြရန် ဆန္ဒပြပြည်သူများကလည်း တောင်းဆိုထားခြင်းရှိသည်။