Home သတင်း မတရားမှုများကို ခုခံတော်လှန်ပိုင်ခွင့်ရှိကြောင်း KNDO နေ့တွင် KNU ဥက္ကဋ္ဌ တိုက်တွန်း

မတရားမှုများကို ခုခံတော်လှန်ပိုင်ခွင့်ရှိကြောင်း KNDO နေ့တွင် KNU ဥက္ကဋ္ဌ တိုက်တွန်း

35

ဇူလိုင် ၁၆ ရက် ၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် မတရားမှုများကို ခုခံပိုင်ခွင့်နှင့် တော်လှန်ပိုင်ခွင့်ရှိနေသည်ကို သတိပြုကြရမည်ဟု ယနေ့ကျရောက်သည့် (၇၉) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDO) နေ့သို့ ပေးပို့သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

ကေအဲန်ယူဥက္ကဋ္ဌက မိမိတို့၏ တာဝန်နှင့် ဝတ္တရားများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခေါင်းဆောင်များ၊ ခုခံတော်လှန်ရေး ခေါင်းဆောင်များနှင့်အတူ လက်တွဲဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် အခြားသောလူမျိုးများနည်းတူ အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်စိုက်မတ်မတ် ရည်မှန်းဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့သည်။

လက်ရှိ ကရင်အမျိုးသားတို့ လိုလားသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ပြည့်စုံစွာမရရှိသေးသည့်အတွက် ကရင်အမျိုး သားနိုင်ငံရေးခရီးသည် အခက်အခဲအမျိုးမျိုးကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ကြောင့် အမျိုးသားရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန်အတွက် ကရင်အမျိုးသားများအတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်းအပြင် ရည်မှန်းချက်ပန်းတိုင်တူညီသည့် အခြားသော တိုင်းရင်းသားအစုအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းသည် အဓိကသော့ ချက်ဖြစ်ကြောင်းလည်း ကေအဲန်ယူဥက္ကဋ္ဌက ထောက်ပြသည်။

အလားတူ (၇၉) နှစ်မြောက် KNDO နေ့အတွက် ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ပေးပို့သည့် သဝဏ်လွှာတွင်လည်း လက်ရှိ ကရင်ပြည်သူများ ကြုံတွေ့နေရသည့် တရားမဝင်ငွေမည်းဖြင့် တည်ဆောက်ထားသော စီးပွားရေးလုပ်ငန်းများနှင့် သွေးဆောင်ဖြား ယောင်းမှုများကို ဝိုင်းဝန်းတိုက်ထုတ်ကြရန် တိုက်တွန်းထားသည်။

ကေအဲန်ယူဗဟိုကလည်း ယနေ့ ကျရောက်သော KNDO နေ့ကို ဂုဏ်ပြုဆုမွန်ကောင်းတောင်းရင်း ကရင်ပြည်သူလူထု၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် လုံခြုံသော အနာဂတ်ကို ဖော်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်။

KNDO တပ်ဖွဲ့ကို ကရင်လူထုကို ကာကွယ်ရန်နှင့် ကေအဲန်ယူ၏ နိုင်ငံရေးဦးဆောင်မှုကို အကာ အကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် အင်းစိန်မြို့၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပထမဆုံးစစ်ဦးစီးချုပ်အဖြစ် မန်းဘဇံက တာဝန်ယူခဲ့သည်။