Home သတင်း ထိုင်းအစိုးရဝန်ထမ်းခေါ်ယူရေးစာမေးပွဲ၏ အကျင့်ပျက်ခြစားမှုကိစ္စကို ရက်(၃၀)အတွင်း စစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် အမိန့်ထုတ်

ထိုင်းအစိုးရဝန်ထမ်းခေါ်ယူရေးစာမေးပွဲ၏ အကျင့်ပျက်ခြစားမှုကိစ္စကို ရက်(၃၀)အတွင်း စစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် အမိန့်ထုတ်

21
Photo: Thai PBS World

ဇူလိုင် (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းခေါ်ယူရေး စာမေးပွဲအတွင်း ဖြစ်ပွားခဲ့သည့် အကျင့်ပျက်ခြစားမှုများကို ရက်ပေါင်း(၃၀)အတွင်း အပြီးသတ်စစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် အနုတင်ချာန်ဗီရာကွန်လ်က အမိန့်ထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

အကျင့်ပျက်ခြစားမှုအား စုံစမ်းရန် ဒုတိယဝန်ကြီးချုပ်ဦးဆောင်သည့် အချက်အလက်ရှာဖွေရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီမှ ၁၀ ရက်လျှင် တစ်ကြိမ်ကျ ဝန်ကြီးချုပ်အနုတင်ထံ စုံစမ်းတွေ့ရှိချက်အပေါ် တိုက်ရိုက်အစီရင်ခံစာတင်ရမည့် တာဝန်ရှိသည်။

ထိုင်းဝန်ကြီးချုပ်သည် ယင်းကိစ္စအား အဆင့်မြင့်စုံစမ်းစစ်ဆေးမှုအဖြစ် သတ်မှတ်ဆောင်ရွက်စေလိုသည့်အပြင် လူထုမှ သံသဃမရှိစေရေး ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ထုတ်လိုစိတ်ရှိနေသည်ဟုလည်း ထိုင်းအစိုးရ အိမ်တော်သတင်းအရင်းအမြစ်က ဆိုသည်။

လတ်တလောတွင် ထိုင်းပြည်သူ့ဝန်ထမ်းကော်မရှင်က သက်ဆိုင်ရာအစိုးရအေဂျင်စီများ၊ ပြည်သူဝန်ဆောင်မှုဌာနများနှင့် ချိတ်ဆက်ပြီး ရာထူးတိုး စာမေးပွဲအတွက် အကျင့်ပျက်ခြစားမှုများကို နှိမ်နင်းရန်နှင့် ကြိုတင်ကာကွယ်ရန် အစီအမံများရှိပြီးဖြစ်ကြောင်း သိရသည်။

အစီအမံအရ စာမေးပွဲဖြေဆိုသူများအနက် လိမ်ညာမှုပြုလုပ်သူအား အမည်ပျက်စာရင်းသွင်းခြင်းနှင့် ခန့်အပ်ပြီးဝန်ထမ်းဖြစ်ပါကလည်း ရာထူးမှ ချက်ချင်းဖယ်ရှားသွားမည်ဟု ဆိုသည်။

ထို့အပြင် အကျင့်ပျက်ခြစားမှုများအတွင်း အရာရှိဝန်ထမ်းများ ပါဝင်နေကြောင်းတွေ့ရှိပါက ကျင့်ဝတ်ဖောက်ဖျက်မှုအဖြစ်သတ်မှတ်ပြီး ရာထူးမှ အပြီးအပိုင်ထုတ်ပယ်မည်ဖြစ်သလို စစ်ဆေးမှုခံယူရဆဲဝန်ထမ်းများမှာလည်း စုံစမ်းမှုရလဒ်မထွက်မချင်း ယာယီ ရာထူးရပ်ဆိုင်းခံရနိုင်ချေရှိသည်။

ထိုင်းနိုင်ငံ၏ ပြည်သူ့ဝန်ထမ်းကော်မရှင်အနေဖြင့် အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ်ရာတွင် အခွင့်အာဏာရှိ၍ ဝန်ထမ်းစာမေးပွဲပထမအဆင့် အောင်မြင်ပြီးသူများ၏ လက်မှတ်များအား ယင်းကော်မရှင် အတွင်းရေးမှူးချုပ်က ပြန်လည်ရုတ်သိမ်းသည်အထိ လုပ်ဆောင်နိုင်ကြောင်းလည်း ထိုင်းသတင်းများအရ သိရသည်။

ထို့အတူ ကော်မရှင်သည် ဝန်ထမ်းစာမေးပွဲဖြေဆိုသူများထံမှ လာဘ်ငွေ တောင်းခံခဲ့သော အရာရှိများအား ယင်းငွေပမာဏအတိုင်း ပြန်လည်တောင်းခံသွားမည့် လုပ်ပိုင်ခွင့်အမိန့်အာဏာဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို ဖော်ဆောင်ဖို့ ထိုင်းအစိုးရအဖွဲ့ထံ တင်ပြထားခြင်းရှိသည်။