ဇူလိုင် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၏ အစိုးရဝန်ထမ်းစာမေးပွဲတွင် မလျော်မကန်လုပ်မှုနှင့် ဆက်စပ်၍ အရာရှိ (၃,၆၂၁) ဦးမှာ ရာထူးခန့်အပ်မှုများမှ ပယ်ဖျက်ခံရဖွယ်ရှိကြောင်း ထိုင်းအစိုးရအဖွဲ့ပြောကြားချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သော ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းခေါ်ယူမှုစာမေးပွဲတွင် လာဘ်ပေးလာဘ်ယူ၊ အကျင့်ပျက်ခြစားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းအမှုတွင်ပါဝင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိထားသူ အရာရှိများကို အရေးယူရန် ထိုင်းအစိုးရဘက်က စီစဉ်လိုက်ခြင်းလည်းဖြစ်သည်။
ရာထူးခန့်အပ်မှုမှပယ်ဖျက်ခံရဖွယ်ရှိသူ အရာရှိများမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့သော ဒေသန္တရအစိုးရစာမေးပွဲများအပြီး ရာထူးခန့်အပ်ခံရသူ (၁၄,၉၈၈) ဦးထဲမှ ဖြစ်ပြီး စာမေးပွဲရလဒ်များကို ပြန်လည်စစ်ဆေးရာတွင် မူမမှန်သူ (၅,၈၁၄) ဦးကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထိုအထဲမှ ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံသောအထောက်အထားရှိသူ (၃,၆၂၁) ဦး၏ ရာထူးခန့်အပ်မှုများကိုပယ်ဖျက်ရန် ဒေသန္တရအစိုးရ ဝန်ထမ်းစာမေးပွဲများဆိုင်ရာ ဗဟိုကော်မတီက တွေ့ဆုံဆွေးနွေးမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်က ပြောသည်။
ထို့အပြင် အစိုးရဝန်ထမ်းခေါ်ယူမှုလုပ်ငန်းစဉ်အပေါ် အများပြည်သူ၏ယုံကြည်မှုပြန်လည်တည်ဆောက်ရန်နှင့် ကိုယ်ပိုင်အရည်အချင်းဖြင့် စာမေးပွဲအောင်မြင်ထားသူ (၉,၀၀၀) ကျော်အတွက် တရားမျှတမှု ရရှိစေရန် ရည်ရွယ်ပြီး ယခုလို စုံစမ်းအရေးယူမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့ ဘက်မှ သိရသည်။
အစိုးရအဖွဲ့သည် အကျင့်ပျက်ခြစားမှုပေါ်ပေါက်လာခြင်းကို ထိုင်းနိုင်ငံ၏ ဒေသန္တရအစိုးရစနစ်ကို ထိခိုက်ခဲ့သော အကြီးမားဆုံးလိမ်လည်မှုများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသည်။ အမှုနှင့်ဆက်စပ်နေသူများကို စုံစမ်းစစ်ဆေးရာတွင်လည်း ပါဝင်ပတ်သက်ကြောင်း တွေ့ရှိရသည့် မည်သူမဆို ဥပဒေအရ အရေးယူခံရဖွယ်ရှိနေသည်။
ထို့အတူ ပထမအကြိမ် ရာထူးပယ်ဖျက်မှုပြီးနောက် ဝန်ကြီးဌာနနှင့် လွတ်လပ်သောအဖွဲ့အစည်းများ ပူးပေါင်းပြီး တစ်နိုင်ငံလုံးရှိ အဖြေလွှာ ၈ သိန်းကျော်ကို ပြန်လည်စစ်ဆေး၍ စာမေးပွဲဖြေဆိုသူ ၄ သိန်းကျော်၏ ရမှတ်များကို တွက်ချက်ရန် စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။



















