ဇူလိုင် ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဒေသတွင်းပဋိပက္ခများကြောင့် ကရင့်ပညာရေးကဏ္ဍတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ကျောင်း ဆရာ၊ ဆရာမများကို ကူညီထောက်ပံ့နိုင်ရန် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) နှင့် ကရင်ကျောင်းဆရာများအလုပ်အဖွဲ့ (KTWG) တို့ ပူးပေါင်း၍ ပညာရေးရန်ပုံငွေ ရှာဖွေရေး ကမ်ပိန်းတစ်ရပ်ကို စတင်ပြုလုပ်နေပြီး ဖြစ်သည်။
တစ်လကြာ ပြုလုပ်မည့် အဆိုပါ ကမ်ပိန်းဖွင့်ပွဲကို ဇူလိုင် ၄ ရက်တွင် ကျင်းပခဲ့ပြီး ကမ်ပိန်းမှရရှိလာမည့် ရန်ပုံငွေများကို ဒေသခံကျောင်းဆရာ၊ ဆရာမများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အသုံးပြုသွားမည်ဖြစ်ကြောင်း KECD က ပြောသည်။
KECD ဌာနမှူး ပဒိုစောလောအယ်မူးက “ ကျနော်တို့ ပညာရေးရဲ့ အင်အားအကောင်းဆုံးနဲ့ အသက်သွေး ကြောအကျဆုံး မဏ္ဍိုင်တွေကတော့ ဆရာ၊ ဆရာမတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ရန်သူရဲ့ ခြိမ်းခြောက်မှု တွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို နေ့စဉ်နဲ့အမျှ ကိုယ်တိုင်ကြုံတွေ့ မျက်ဝါးထင်ထင် မြင်တွေ့နေရပေမဲ့ မိမိတို့ရဲ့ သားသမီး၊ မြေးမြစ်တွေနဲ့ အနာဂတ် မျိုးဆက် သစ်တွေကို လမ်းပျောက်ပြီး မျှော်လင့်ချက်မဲ့တဲ့ မျိုးဆက်တစ်ခု မဖြစ်သွားစေရဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ငြင်းဆန်တွန်းလှန်နေကြတာ ဖြစ်ပါတယ်။” ဟု ပြောသည်။
ယခု ကရင်ပညာရေးကမ်ပိန်းသည် အနစ်နာခံ၍ ပညာသင်ကြားပေးနေကြသော ဆရာ၊ ဆရာမများ အတွက် အမှန်တကယ် လိုအပ်နေသည့် အကူအညီများကို ထိရောက်စွာ ပံ့ပိုးပေးနိုင်သည့် အစီအစဉ်ကောင်းတစ်ခုဖြစ်ကြောင်းလည်း ပဒိုစောလောအယ်မူးက ဆက်ပြောသည်။
ထို့အပြင် လက်ရှိအာဏာသိမ်းစစ်အုပ်စုသည် ပညာရေးကဏ္ဍကို နည်းလမ်းမျိုးစုံဖြင့် ထိခိုက်စေခဲ့ပြီး စာသင်ကျောင်းများကို တိုက်ခိုက်ခြင်း၊ ကျောင်းဖွင့်လှစ်မှုများကို အဟန့်အတားပြုခြင်း၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအပေါ် အကြမ်းဖက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် ပညာသင်ကြားရေး ပိုမိုခက်ခဲလာကြောင်း ကမ်ပိန်းဖွင့်ပွဲတွင် ပြောဆိုခဲ့သည်။
ထိုကဲ့သို့သော အခြေအနေများအောက်တွင် ကော်သူးလေပညာရေးစနစ်၌ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများမှာ ထောက်ပံ့မှုအနည်းငယ်သာ ရရှိနေကြောင်းလည်း သိရသည်။

KECD ၏ စာရင်းများအရ ပညာရေးရန်ပုံငွေ မလုံလောက်မှုကြောင့် ကျောင်းဆရာ၊ ဆရာမတစ်ဦးလျှင် တစ်နှစ်လျှင် ထိုင်းဘတ်ငွေ ၁၀,၀၀၀ ကျော် ထောက်ပံ့နိုင်ခဲ့ရာမှ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်မှစ၍ တစ်ဦးလျှင် တစ်နှစ်စာ ထိုင်းဘတ်ငွေ ၇,၅၀၀ အထိသာ ထောက်ပံ့နိုင်တော့ကြောင်း သိရသည်။
လက်ရှိ ရန်ပုံငွေရှာဖွေရေးကမ်ပိန်းကို တစ်လကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးရောင်းပွဲတော်များ၊ ကံစမ်းမဲရောင်းချမှုများ အပါအဝင် လှုပ်ရှားမှုအစီအစဉ်များဖြင့် ရန်ပုံငွေရှာဖွေသွားမည်ဖြစ်ကာ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။
KECD ၏ စာရင်းများအရ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွင်း ကော်သူးလေဒေသ၌ စာသင်ကျောင်း ၁,၇၃၈ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းဆရာ၊ ဆရာမ ၁၁,၉၃၉ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၄၉,၇၂၈ ဦး ပညာသင်ယူခဲ့ကြောင်း သိရသည်။
လက်ရှိ ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဖွင့်လှစ်နိုင်မှုနှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ဦးရေများကို ဆက်လက်စာရင်းပြုစုနေဆဲဖြစ်သဖြင့်တရားဝင်စာရင်းများကို မထုတ်ပြန်နိုင်သေးကြောင်း KECD တာဝန်ရှိသူများထံမှ သိရသည်။
ယခုကရင့်ပညာရေးအတွက်ကမ်ပိန်းတွင် ပါဝင်လှူဒါန်းလိုပါက https://ktwg.org/dnt/ သို့ သွားရောက်ဆက်သွယ်နိုင်ပါသည်။



















