Home သတင်း လူသောတွင် စစ်အုပ်စု ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

လူသောတွင် စစ်အုပ်စု ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

503
Photo: CJ

ဇွန်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံ၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) နယ်မြေ၊ လူသောမြို့နယ်တွင် ပြီးခဲ့သည့် အပတ်အတွင်း စစ်အုပ်စု၏ ဒရုန်းဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး လူနေအိမ်နှင့် ဘာသာရေး အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ(၃၁)ရက်နေ့နှင့် ဇွန်လ(၁)ရက်နေ့တွင် စစ်အုပ်စုက အရပ်သားပြည်သူနေထိုင်ရာ ဘို့ကြီးရွာ၊ ကျောပါတပို့ပူနှင့် ဘောကျို့ထတပို့ပူ ကျေးရွာများအတွင်းသို့ ဒရုန်းနှင့် လက်နက်ကြီးများ ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ခါလူ့အခြေစိုက် စစ်အုပ်စုတပ်စခန်းက ဘို့ကြီး ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် ၃ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း ပျက်စီးခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောရော်ဘင်မူးက အတည်ပြုပြောသည်။

“ လေယာဉ်နဲ့ မဟုတ်ဘူး။ ဒရုန်းနဲ့ သုံးခေါက်လောက် လာပစ်တာ။ ဘုန်းကြီးကျောင်းနဲ့ အိမ်သုံးလုံး ပျက်စီးသွားတယ်။ အဲဒီနေရာက စစ်ရေးပစ်မှတ်လည်း မဟုတ်ဘူး။ ထိခိုက်ပျက်စီးမှုက များတယ်” ဟု ပဒိုစောရော်ဘင်မူးက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ထို့အပြင် မေလ ၃၁ ရက်နေ့တွင်လည်း ကတိုင်တိ အခြေစိုက် စစ်အုပ်စုတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောပါးတပို့ပူနှင့် ဘောကျို့ထတပို့ပူ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာအသက် (၃၃) နှစ်နှင့် အသက် (၇၈) နှစ်အရွယ် ‌ဒေသခံအမျိုးသားနှစ်ဦး ခြေထောက်တွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သေးသည်ဟု သိရသည်။

အလားတူ ယခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်၌ လူသောမြို့နယ်၊ သေးမီဒဲကျေးရွာအုပ်စုသို့ စစ်အုပ်စုမှ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက်(၁၆)နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လူထိခိုက်မှုအပြင် ပြည်သူပိုင်နေအိမ် (၆)လုံးလည်း ထိမှန် ပျက်စီးသွားသည်ဟု နယ်ခံကရင်သတင်းအရင်းအမြစ်မှ သိရသည်။

လက်ရှိတွင် ဖာပွန်မြို့ ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်အုပ်စုက အင်အား‌ထောင်ချီဖြင့် မြေပြင်စစ်ကြောင်းထိုးလျက်ရှိသည်။ ထိုသို့ စစ်ကြောင်းထိုးရာတွင် လမ်းတစ်လျှောက် အနီးဝန်းကျင်ရှိ ကျေးရွာများ၏ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်ဖျက်ဆီးမှုတို့ကို ပိုမိုလုပ်ဆောင်လာနေခြင်းဖြစ်သည်ဟု သိရသည်။