Home သတင်း မဲဆောက်တွင် တရားမဝင်တရုတ်တင်လာသည့်ကား စစ်ဆေးမှုကို ရှောင်ပြေးရာမှ Delivery ဆိုင်ကယ်သမားအား တိုက်မိကာ ပွဲချင်းပြီးသေဆုံး

မဲဆောက်တွင် တရားမဝင်တရုတ်တင်လာသည့်ကား စစ်ဆေးမှုကို ရှောင်ပြေးရာမှ Delivery ဆိုင်ကယ်သမားအား တိုက်မိကာ ပွဲချင်းပြီးသေဆုံး

537
Photo: AEC News

ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ထဆိုင်လွတ်ရပ်ကွက်တွင် တရားမဝင် တရုတ်နိုင်ငံသားများကို တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးက ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကို တိမ်းရှောင်မောင်းနှင်စဉ် Line Man Delivery ဆိုင်ကယ်ယာဉ်မောင်းတစ်ဦးကို ဝင်တိုက်မိခဲ့ရာ ၎င်းဆိုင်ကယ်မောင်းသူမှာ နေရာ၌ပင် ပွဲချင်းပြီး အသက်ဆုံးရှုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၉ ရက်) ထိုင်းစံတော်ချိန် နံနက် ၉ နာရီခန့်တွင် တရုတ်နိုင်ငံသား ၃ ဦးကို တင်ဆောင် လာသည့် ပစ်ကပ် (Pick Up) အမျိုးအစားမော်တော်ယာဉ်သည် ထဆိုင်လွတ်ရပ်ကွက်အနီး အာရှအဝေးပြေး လမ်းမကြီးပေါ်ရှိ ရဲတပ်ဖွဲ့၏ ကင်းလှည့်တွေ့ရှိသဖြင့် စစ်ဆေးမှုကို လက်မခံပဲထွက်ပြေးရန် ကြိုးပမ်းခဲ့သည်။ ၎င်းယာဉ်သည် အမှတ် (၁) ချစ်ကြည်ရေးတံတားဘက်သို့ ဦးတည်ကာ “ဂ” ကွေ့ ပြန်လှည့်၍ လမ်းပြောင်းပြန် (ပတ်လမ်း) အတိုင်း အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လမ်းပြောင်းပြန်မောင်းနှင်ရင်း အခြားယာဉ်များကို တွန်းထိုးကျော်ဖြတ်မောင်းနှင်စဉ် ကြူလာလတ်ဆေးရုံအနီးရှိ ပထရာဝစ်ကျောင်းရှေ့အရောက်၌ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော Line Man Delivery ဆိုင်ကယ်ကို တိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

Photo: AEC News

ရဲတပ်ဖွဲ့သည် ဖြစ်ပွားရာနေရာနှင့် မီတာ ၇၀၀ ခန့်အကွာတွင် အဆိုပါကားကို တာယာများ ပစ်ခတ်ဖျက်ဆီးကာ အတင်းအကြပ် ဟန့်တားဖမ်းဆီးနိုင်ခဲ့သည်။

ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ ဖမ်းဆီးရမိသည့် ပစ်ကပ်ကားပေါ်တွင် အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၃ ဦးကို တွေ့ရှိရပြီး ကားမောင်းသူမှာ ဖုတ်ဖရဒေသခံ ထိုင်းနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်နှင့် ထဆိုင်လွတ်မြို့နယ်ရုံး၏ ထုတ်ပြန်ချက်အရ ၎င်းဖြစ်စဉ်တွင် အမှန်တကယ်၌ တရုတ်နိုင်ငံသား ၄ဦး ပါဝင်ပြီး အခင်းဖြစ်ပွားချိန်တွင် ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ထုတ်ပြန်ထားပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။