Home သတင်း မဲဆောက်တွင် တရားမဝင် တရုတ်နိုင်ငံသားများ သယ်ဆောင်သည့် ကား ၂ စီးကို ရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးရာ ၁ စီးဖမ်းမိ၊ ၁...

မဲဆောက်တွင် တရားမဝင် တရုတ်နိုင်ငံသားများ သယ်ဆောင်သည့် ကား ၂ စီးကို ရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးရာ ၁ စီးဖမ်းမိ၊ ၁ စီး လွတ်မြောက်

230
Photo: สภ. แม่สอด

ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ယမန်နေ့ (ဇွန်လ ၁၆ရက်)က တရားမဝင် တရုတ်နိုင်ငံသားများကို သယ်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးကို မဲဆောက်နယ်မြေခံ ကင်းလှည့်ရဲတပ်ဖွဲ့က ခြေရာခံ လိုက်လံဖမ်းဆီးခဲ့ရာ ၁ စီးကို ဖမ်းဆီးရမိပြီး ကျန် ၁ စင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သောင်ရင်းမြစ်ကမ်းဘေး ဘက်မှ ဝင်ရောက်လာသော ပစ်ကပ် (Pickup) မော်တော် ယာဉ်တစ်စီးကို တရားမဝင် နိုင်ငံခြားသားများ သယ်ဆောင်လာသည်ဟု သံသယရှိသဖြင့် ကင်းလှည့်ရဲတပ်ဖွဲ့က ရှောင်တခင် စစ်ဆေးရန် တားဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော်လည်း အဆိုပါယာဉ်မှာ စစ်ဆေးမှုကို လက်မခံဘဲ မဲဆောက်မြို့ရှိ ဂျူလာလောင်ကွန်း (Chulalongkorn) ဆေးရုံဘေးလမ်းမှတစ်ဆင့် လမ်းသစ်အတိုင်း မဲ့ရမတ် မြို့ဘက်သို့ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်မှ ခြေရာခံ လိုက်လံခဲ့သည်။

ထိုသို့ မဲဆောက်-မဲ့ရမတ် လမ်းမကြီးအတိုင်း မောင်းနှင်နေစဉ်အတွင်း အမည်းရောင် ဖော်ကျွန်းနာ (Fortuner) မော်တော်ယာဉ်တစ်စီးသည် အဆိုပါ ပစ်ကပ်ယာဉ်နှင့်အတူ ပူးတွဲလိုက်ပါလာပြီးနောက် မဲ့ကဆာကျေးရွာလမ်းပိုင်းတစ်နေရာတွင် လမ်းခွဲသွားခဲ့ကြသည်။

ယင်းနောက် ပစ်ကပ်ယာဉ်မှာ မဲ့ကဆာကျေးရွာအနီး တိမ်းရှောင်ထွက်ပြေး လွတ်မြောက်သွားခဲ့သော်လည်း မဲ့ရမတ်မြို့ဘက်သို့ ဦးတည်မောင်းနှင်သွားသည့် အမည်းရောင် ဖော်ကျွန်းနာယာဉ်ကိုမူ မဲ့ရမတ်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ရုံးအနီး၌ ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့သည်။

Photo: สภ. แม่สอด

ရဲတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့စဉ် အဆိုပါ ဖော်ကျွန်းနာယာဉ်မောင်းမှာ ကားကိုထားပစ်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ယာဉ်ပေါ်ပါလာသည့် တရုတ်နိုင်ငံသား ၁ ဦးကိုမူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကာ စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ထွက်ပြေးတိမ်းရှောင်သွားသည့် ပစ်ကပ်ယာဉ်မှာ အာဏာပိုင်များ၏ မော်တော်ယာဉ်များ ဝင်ရောက်နိုင်ခြင်းမရှိသော မဲ့ကဆာအနီးရှိ တောလမ်းများအတိုင်း မောင်းနှင် သွားခြင်းဖြစ်ကြောင်း သိရပြီး ၎င်းယာဉ်ကိုလည်း ဆက်လက်ခြေရာခံလျက်ရှိသည်။

ထို့အပြင် လူမှောင်ခိုကူးသည့် ဂိုဏ်းများသည် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို တိမ်းရှောင်နိုင်ရန်အတွက် ၎င်းတို့ အသုံးပြုသော ယာဉ်များကို အင်ဂျင်ပါဝါ ၂,၅၀၀ စီစီ (cc) မှ ၃,၂၀၀ စီစီ (cc) အထိ မြှင့်တင်ကာ အထူးပြုပြင်မွမ်းမံထားကြောင်း သိမ်းဆည်းရမိသည့် သက်သေခံယာဉ်ကို စစ်ဆေးချက်အရ ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

ယခုသီတင်းပတ်များအတွင်း မဲဆောက်မြို့တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ထွက်ပြေးတိမ်းရှောင်သည့် ဖြစ်စဉ်များ ဆက်တိုက်ရှိနေသည်။ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း မဲဆောက်ခရိုင်၊ ထာ့ဆိုင်းလွတ်ကျေးရွာအုပ်စုအတွင်း တရားမဝင် တရုတ်နိုင်ငံသား ၁၅ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။