Home သတင်း မောတောင်တွင် စစ်တပ်ဖမ်းဆီးနှိပ်စက်ခံရသည့် အရပ်သား ၄ ဦးအနက် ၁ ဦး လွတ်မြောက်၊ ၃ ဦး ဖမ်းဆီးခံထားရဆဲ

မောတောင်တွင် စစ်တပ်ဖမ်းဆီးနှိပ်စက်ခံရသည့် အရပ်သား ၄ ဦးအနက် ၁ ဦး လွတ်မြောက်၊ ၃ ဦး ဖမ်းဆီးခံထားရဆဲ

475
Photo: KNU

ဇွန်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ မောတောင်မြို့တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနှိပ်စက်ထားသည့် ဒေသခံ ကျေးရွာသား (၄)ဦးအနက် တစ်ဦးသာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပြီး ကျန်ရှိသည့် သုံးဦးမှာ ပြန် လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကေအဲန်ယူ ထံမှ သိရသည်။

စစ်အုပ်စုတပ်က ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် မောတောင်မြို့ခံ ဒေသခံအမျိုးသားတစ်ဦးအား တော်လှန်ရေးတပ်ဖွဲ့များ ရှိရာနေရာသို့ ဖမ်းဆီး ရိုက်နှက်နှိပ်စက်မှုကာ လမ်းပြခိုင်းစေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ဖမ်းဆီးခံရစဥ်အတွင်း နောက်ထပ် အမျိုးသား ၂ ဦးနှင့်အတူ အမျိုးသမီး ၁ ဦးကို ဖမ်းဆီး ချုပ်နှောင်ထားကာ ၎င်းတို့ကို စစ်အုပ်စုတပ်က စစ်ဆေးမေးမြန်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိခဲ့ကြောင်း ၎င်းထွက်ပြေးလွတ်မြောက်လာသူ အမျိုးသားက ဆိုသည်။

အဆိုပါ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူသည် ဇွန်လ (၁) ရက်နေ့ နံနက် (၅) နာရီခွဲအချိန်ခန့်တွင် စစ်အုပ်စုတပ်အတွင်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ၎င်း၏ မိသားစုဝင် (၅) ဦးနှင့်အတူ ဘေးကင်းရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ကျန်ရှိသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ လွတ်မြောက်နိုင်ခြင်းမရှိသေးဘဲ ဖမ်းဆီးနှိပ်စက်ကာ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၎င်းတို့ သုံး ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရှိရကြောင်း ဆိုသည်။

အာဏာသိမ်းစစ်အုပ်စုတပ်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူများအပေါ် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ဆက်လက်ကျူးလွန်နေသည်ဟု ကေအဲန်ယူ-ဘိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။