ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မီဒီယာလုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုများမှ ကာကွယ်ရန်၊ အသိပညာပေးရန်နှင့် တုံ့ပြန်ရေးယန္တရားတစ်ရပ် အကောင်အထည်ဖော်ရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM နှင့် Myanmar Women in Media-MWiM တို့ပူးပေါင်းပြီး မေလ(၃၀)ရက်က နားလည်မှုစာချွန်လွှာ(MOU)ရေးထိုးခဲ့ကြကြောင်း သိရသည်။
အထူးသဖြင့် နိုင်ငံတွင်းသတင်းလွတ်လပ်ခွင့်ဖိနှိပ်ခံရမှုများကြောင့် နိုင်ငံပြင်ပတွင်အခြေစိုက်နေရသည့် Exile မီဒီယာများအတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုမှ အကာအကွယ်ရရေး၊အသိပညာပေးရေး စသည်တို့ပါဝင်သော အချက် (၅) ချက်ကို လိုက်နာဆောင်ရွက်သွားကြဖို့ နှစ်ဖက်အဖွဲ့ခေါင်းဆောင်များက လက်မှတ်ရေးထိုး သဘောတူခဲ့ကြခြင်းဖြစ်သည်။
MOU အရ မီဒီယာကဏ္ဍတွင်ဖြစ်ပေါ်နေသော လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများကို သဘောပေါက်နားလည်ရုံသာမက လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အလွဲသုံးစားမှုများမှ ကာကွယ်ရေးမူဝါဒကို မီဒီယာများတွင်အသုံးပြုရန်နှင့် ဆွေးနွေးအသိပညာပေးရန်၊ တိုင်ကြားမှုများအတွက် ပူးတွဲတုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဖြေရှင်းသွားကြမည်ဟု ဆိုသည်။
စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်နေသော နိုင်ငံရေးဖိနှိပ်မှုများအတွင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာများမှာ အသက်အန္တရာယ်လုံခြုံရေးစိုးရိမ်ချက်ကြောင့် ပြည်ပနှင့်နယ်စပ်ဒေသတွင် ပြောင်းရွှေ့အခြေစိုက်နေကြရပြီး ယင်းနောက် Exile မီဒီယာအများအပြား ပေါ်ထွက်လာသည်။
ထိုအထဲတွင် ထိုင်းနိုင်ငံတွင်အခြေချနေသည့် မီဒီယာသမား အများစုဖြစ်ပြီး ၎င်းတို့၌ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့်အကြမ်းဖက်မှု ရင်ဆိုင်နေရခြင်းမှာ ပုံမှန်အခြေအနေကဲ့သို့ပင် ဖြစ်နေသည်ဟု လွတ်လပ်သည့်သတင်းမီဒီယာများ၏ စစ်တမ်းကောက်ခံချက်အရ သိရသည်။
အထူးသဖြင့် ပြည်ပရောက်မီဒီယာသမား အမျိုးသားများထက် အမျိုးသမီးများတွင် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်၊ စော်ကားခံရမှုအခြေအနေများ မြင့်တက်နေခြင်းက စိုးရိမ်စရာအခြေအနေတွင်ရှိကြောင်းလည်း Human Rights Myanmar အဖွဲ့၏ ၂၀၂၄ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။



















