ဇွန် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်မြို့သို့ စစ်ကြောင်းထိုးလာသော စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ကတိုင်တိအထက်ပိုင်းရှိ နို့ဖောထီးကျေးရွာအနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း မူတြော်စစ်ရေးသတင်းအရင်းမြစ်မှ သိရသည်။
နယ်မြေစိုးမိုးရေးအတွက် ဖာပွန်သို့တက်လာသည့် စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်နေ၍ နို့ဖောထီးရွာတဝိုက်မှ ရှေ့ဆက်မတက်နိုင်သေးဘဲ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု တော်လှန်ရေးအင်အားစုဘက်က ပြောသည်။
“ရန်သူ(စစ်အုပ်စု)ဘက်က ရှေ့တိုးမရတော့ တချို့နောက်ပြန်ဆုတ်သွားတာရှိတယ်။ တချို့ကျတော့လည်း ရောက်နေတဲ့နေရာမှာပဲ အခြေအနေစောင့်ကြည့်ပြီး တိုးကြည့်တယ်။ တစ်ရက်ကို နှစ်ခါ၊ သုံးခါလောက်အထိ တိုးကြည့်တာမျိုးရှိတယ်” ဟု ဖာပွန်စစ်ရေးအခြေအနေကို သိရှိသူက ပြောသည်။
ဒေသသတင်းအရင်းအမြစ်များ ပြောပြချက်အရ စစ်အုပ်စုမှာ နို့ဖောထီးတွင် စခန်းချတပ်စွဲထားသည်မှာ ကြာမြင့်လျက်ရှိသလို ဖာပွန်မြို့အနီးဝန်းကျင်နေရာများတွင်လည်း တပ်ဖြန့်လှုပ်ရှားနေကြောင်း သိရသည်။
ထို့အပြင် တိုက်ပွဲအတွင်း ဖာပွန်တစ်လျှောက် စစ်ကြောင်းထိုးရန်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိသည်ဟု တော်လှန်ရေးအင်အားစုဘက်က ဆိုသည်။
ဖော်ပြပါ ဖာပွန်စစ်ရေးအခြေအနေသိသူက ဆက်လက်၍ “တက်လာတဲ့ ရန်သူတိုင်းကတော့ ထိတာပါပဲ။ ဒါပေမဲ့ ဘယ်လောက်ထိခိုက်လဲဆိုတဲ့ အရေအတွက်ကိုတော့ သေချာမသိရဘူး။ ထိခိုက်ဒဏ်ရာရတာ၊ ကျဆုံးတာတွေကို မျက်မြင်တွေ့ရတာမျိုးတော့ ရှိတယ်” ဟု ကေအိုင်စီကို ပြောသည်။
၎င်းအပြင် စစ်အုပ်စုမှာ စစ်ကြောင်းတစ်လျှောက် လမ်းရှင်းသည့်အနေဖြင့် အနီးဝန်းကျင်ကျေးရွာများထဲ ဝင်ရောက်ပြီး အရပ်သားနေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကို တိုးမြှင့်လုပ်ဆောင်နေခြင်းရှိသည်။
ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ကလည်း စစ်အုပ်စုက ဖာပွန်မြို့ အမှတ်(၄) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းပင်မအဆောင်တစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် နယ်မြေစစ်ရေးအခြေအနေတင်းမာနေခြင်းကြောင့် ကျေးရွာ (၅) ရွာထက်မနည်း ဒေသခံလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟုလည်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။



















